မုံရွာမြို့နယ်တွင် ပျူစောထီးဆိုသည့်အဖွဲ့က အမျိုးသမီးတပ်စိတ်မှူး ၁ဦး ပစ်ခတ်ခံရ၍ သေဆုံး

မုံရွာမြို့နယ်တွင် ပျူစောထီးဆိုသည့်အဖွဲ့က အမျိုးသမီးတပ်စိတ်မှူး ၁ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးဆိုသည့်အဖွဲ့က အမျိုးသမီးတပ်စိတ်မှူးတစ်ဦးဖြစ်သူသည် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၃၀ရက် ည ၉နာရီ ၄၅မိနစ်ခန့်တွင် မယဉ်နွယ်သိမ့် (ခ) မီးမီး ဆိုသူအား ဗိုလ်စနေ ဒလန်ရှင်းလင်းရေးအဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။ 

“ပျူစောထီးအဖွဲ့ တပ်စိတ်မှူးဆိုတာ အသေအချာစုံစမ်းစစ်ဆေးပြီးမှ ရှင်းလင်းခဲ့တာပါ” ဟု ဗိုလ်စနေဒလန်ရှင်းလင်းရေးအဖွဲ့၏ သတင်းများအားထုတ်ပြန်ပေးနေသည့် မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က မဇ္ဈိမကိုပြောသည်။ 

ပစ်ခတ်ခံရ၍ သေဆုံးသွားသူသည် တောပုကျေးရွာသူဖြစ်ပြီး အသက် ၂၇နှစ်ခန့်ရှိ၍ ပန်းရောင်းသော အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းသိရသည်။ 

တောပုရွာမြောက်ခြမ်းဖက်သည် ပျူစောထီးအဖွဲ့ဝင်အများစုနေထိုင်သည့်နေရာဖြစ်ပြီး တောင်ပိုင်းနှင့် အနောက်ပိုင်းဖက်နေသူများအား စစ်တပ်အားကိုးဖြင့် ရန်ရှာလေ့ရှိကြောင်း ဒေသခံကဆိုသည်။ 

ဇန်နဝါရီလ ၂၉ရက်နေ့ကလည်း မုံရွာမြို့နယ် ဘုဘကျေးရွာသား စစ်ကောင်စီသတင်းပေး အသက် ၃၅နှစ်အရွယ် မော်ကြီးဆိုသူအား ဗိုလ်စနေအဖွဲ့မှ ပစ်ခတ် အရေးယူမှုပြုလုပ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required