မန္တလေးမြို့၌ ဆိုင်ကယ် ၁ စီး မောင်းနှင်နေစဉ် ပေါက်ကွဲမီးလောင်

မန္တလေးမြို့၌ ဆိုင်ကယ် ၁ စီး မောင်းနှင်နေစဉ် ပေါက်ကွဲမီးလောင်

ဇန်နဝါရီလ ၃၁ ရက်

မန္တလေးမြို့၌ ယနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ဆိုင်ကယ်တစ်စီး မောင်းနှင်နေစဉ် ရုတ်တရက် ပေါက်ကွဲ မီးလောင်ပြီး ဆိုင်ကယ်စီးသူ လက်နှစ်ဘက်နှင့် ခြေနှစ်ဘက် ပြတ်ထွက်ကာ အပြင်းအထန် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မန္တလေး၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၆၃ လမ်းထောင့်အနီး ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ဆိုင်ကယ်စီးသူသည် ချမ်းမြသာစည်မြို့နယ်နေ အသက် ၃၀ ဝန်းကျင်ရှိ ကိုချစ်ဇော် ဆိုသူဖြစ်ကြောင်း သိရသည်။

“သူက ၆၃ လမ်းအတိုင်း တောင်ကနေ ဆိုင်ကယ် မောင်းလာတာ ထင်တယ်၊ ၂၆ လမ်းနား ရောက်တော့ အုံးကနဲ ထပေါက်တာ အသံအကျယ်ကြီး” ဟု ဖြစ်စဉ်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ကိုချစ်ဇော်သည် လက်နှစ်ချောင်း တံတောင်ဆစ်အောက်မှ ပြတ်ထွက်သွားပြီး ခြေထောက် နှစ်ချောင်းလည်း အလားတူ ပြတ်ထွက်သွားကြောင်း မျက်နှာ အပါအဝင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ အသိုက်အဝန်း သတင်းများတွင် ဆိုင်ကယ်တူးဘောက်စ် အတွင်း သယ်ဆောင်လာသော လက်လုပ်မိုင်း ပေါက်ကွဲခြင်း ဖြစ်ကြောင်း ဖော်ပြသော်လည်း သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။ 

ယနေ့ နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးဝင်း အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ချမ်းအေးသာစံမြို့နယ် ၈၅ လမ်းနှင့် ၃၂ လမ်းထောင့် အနီးရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ရှေ့တွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly