ထိုင်းမှာ COVID-19 ဒဏ်သင့် ကမ်းခြေစီးပွားရေး ရေနံယိုဖိတ်မှုကြောင့် ‘နာလန်မထူနိုင်အောင်’ ဖြစ်

ထိုင်းမှာ COVID-19 ဒဏ်သင့် ကမ်းခြေစီးပွားရေး ရေနံယိုဖိတ်မှုကြောင့် ‘နာလန်မထူနိုင်အောင်’ ဖြစ်
Photo - AFP

ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖြစ်ပွားတဲ့ ရေနံယိုဖိတ်မှုဟာ ကိုရိုနာဗိုင်းရပ် ကပ်ဘေးဒဏ်သင့် ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် ‘နာလန်မထူနိုင်အောင်’ ဖြစ်စေနိုင်တယ်လို့ ပြည်တွင်း ဧည့်ဝန်ဆောင်မှု စီးပွားရေးအသိုက်အဝန်းက ပြောပါတယ်။ 

ထိုင်းပင်လယ်ကွေ့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ယိုဖိတ်မှုဖြစ်ခဲ့တဲ့ ရေနံတွေကို ရှင်းလင်းနိုင်ရေးအတွက် ထိုင်းရေတပ်နဲ့ ရေထုညစ်ညမ်းမှုဆိုင်ရာ ပညာရှင်တွေက လုံးပမ်းနေရတာပဲ ဖြစ်ပါတယ်။ ရာယွန်ပြည်နယ် ကမ်းခြေက ၁၂ မိုင်အကွာ ပင်လယ်ရေအောက်ပိုက်လိုင်းမှာ ယိုစိမ့်မှုဖြစ်ပြီး ပင်လယ်ထဲ ရေနံ တန်ချိန် ၆၀ လောက် ယိုဖိတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘန်ကောက်ကနေ နှစ်နာရီခွဲ ခရီးသွားရတဲ့ မယ်ရမ်ဖူအန်းကမ်းခြေကနေ အဝါရောင် ပလတ်စတစ် အကာအကွယ်ဝတ်စုံ ဝတ်ထားကြတဲ့ အမှုထမ်းအဖွဲ့ဝင်တွေကို မြင်တွေ့ရပါတယ်။ ကြာသပတေးနေ့ ညပိုင်းကစလို့ ကမ်းဆီ မျောလာနေတဲ့ ယိုဖိတ်ရေနံပြင်ကို ရှင်းလင်းရေး လုပ်ဆောင်နေကြတာကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ 

ယိုစိမ့် ရေနံတွေ ကမ်းခြေဆီ ရောက်လာတာ အနည်းဆုံးဖြစ်အောင် ရေပေါ်တားတွေ သုံးပြီး တားဆီးကာကွယ်ရေး လုပ်ဆောင်နေတယ်လို့ ယိုစိမ့်မှုဖြစ်တဲ့ ရေအောက်ပိုက်လိုင်းရဲ့ အော်ပရေတာ Star Petroleum Refining Public Company Limited က ပြောပါတယ်။ 

ပင်လယ်ပြင်မှာ ရေနံပြင်ကို ဝေဟင်ထောက်လှမ်းရေး လေယာဉ်တစ်စင်းနဲ့ စောင့်ကြည့်စစ်ဆေးလျက် ရှိနေပါတယ်။ သောကြာနေ့မှာ ဂြိုဟ်တုက ရရှိတဲ့ ဓာတ်ပုံတွေအရ ရေနံယိုဖိတ်တဲ့ ညစ်ညမ်းဇုန်ဟာ စတုရန်းကီလိုမီတာ ၄၇ ကီလိုမီတာရှိတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

လေပြင်းတိုက်နေတာကြောင့် လာမယ့်ရက်အတွင်း ဒီ ရေနံပြင်ကြီးဟာ ကမ်းခြေဆီ ရောက်ရှိလာနိုင်တယ်လို့ အဏ္ဏဝါဗေဒသိပ္ပံပညာရှင် သွန်တမ်ရွန်နာဝါဆာဝတ်က ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ သက်ရောက်မှုဖြစ်ရာ ဧရိယာတွေအတွင်း ရေကူးတာကို ‘လုံးလုံး ရှောင်ကြဉ်ဖို့’ သူက ဖေ့ဘုတ်ပို့စ်တင်ပြီး ပြောပါတယ်။ 

မယ်ရမ်ဖူအန်းကမ်းခြေနဲ့ ပတ်လည်ဧရိယာတွေက အပန်းဖြေလုပ်ငန်းနဲ့ ခရီးသွားဧည့်သည်တွေအပေါ် မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ COVID-19 ကပ်ဘေးအတွင်း ရုန်းကန်နေရချိန်မှာ အခု ရေနံယိုဖိတ်မှုနဲ့ ရေကူးသူ ရှားပါးသွားတာက သက်မွေးဝမ်းကျောင်းအတွက် ထပ်တိုး ဘေးတစ်ရပ် ဖြစ်နေပါတော့တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required