ယီမင်သူပုန်တို့ ပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ကို ယူအေအီး ကြားဖြတ်ဖျက်ဆီး

ယီမင်သူပုန်တို့ ပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ကို ယူအေအီး ကြားဖြတ်ဖျက်ဆီး
Photo - AFP

ဇန်နဝါရီ ၃၁

ယီမင်ရဲ့ ဟူသီသူပုန်တွေ ပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မိမိတို့ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူအေအီးက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

“မိမိတို့ နိုင်ငံကို ဟူသီ အကြမ်းဖက်အဖွဲ့ဘက်က ပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မိမိတို့ လေကြောင်းရန်ကာကွယ်ရေးပိုင်းက ကြားဖြတ် ပစ်ချခဲ့တာဖြစ်ပါတယ်” လို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒုံးကျည် အပျက်အစီးတွေဟာ လူမနေတဲ့ ဧရိယာတစ်ခုထဲ ကျသွားခဲ့ပြီး ထိခိုက်၊သေဆုံးမှု မဖြစ်ခဲ့ဘူးလို့လည်း ယင်းက ပြောပါတယ်။

ထို့ပြင် ယီမင်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ဟူသီတို့ရဲ့ ဒုံးကျည်ပစ်လွှတ်ရာ နေရာတစ်ခုကိုလည်း မိမိတို့ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ဗီဒီယိုတစ်ခုနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။

တနင်္လာနေ့မှာဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ကတော့ ယခုလထဲမှာ ယူအေအီးကို ပစ်မှတ်ထားတဲ့ တတိယမြောက်တိုက်ခိုက်မှုလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ပထမဆုံးတကြိမ် တိုက်ခိုက်မှုကြောင့် နိုင်ငံခြားအလုပ်သမား သုံးဦးသေဆုံးခဲ့ရကာ ယင်းနောက် တစ်ပတ်အကြာ နောက်ထပ်ပစ်လိုက်တဲ့ ဒုံးကျည်ကို ယူအေအီးတို့ ကြားဖြတ် ဖျက်ဆီးပစ်ချထားနိုင်ခဲ့ပါတယ်။

တနင်္လာနေ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဟူသီသူပုန်တို့ဘက်က တစုံတရာ ထုတ်ဖော်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ယူအေအီးမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုနဲ့ပတ်သက်လို့ မကြာမီ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

အီရန် ကျောထောက်နောက်ခံပြု ဟူသီတို့နဲ့ တိုက်ခိုက်နေရတဲ့ ယီမင် အစိုးရကို ထောက်ကူပေးနေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ စစ်ရေးညွန့်ပေါင်းအဖွဲ့မှာ ယူအေအီးလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။

ယီမင်နိုင်ငံမှာ ၂၀၁၄ ခုနှစ်က မြို့တော် ဆာနားကို ဟူသီတို့ သိမ်းယူခဲ့ချိန် ပြည်တွင်းစစ် စဖြစ်ခဲ့ပြီး နောက်နှစ်မှာ ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေက ယီမင်အစိုးရကို ထောက်ကူဖို့ ကြားဝင်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly