ဘရာဇီးမှာ မိုးကြီးပြီး ရေကြီးမြေပြိုမှုတွေဖြစ်လို့ လူ ၁၈ ဦးသေဆုံး

ဘရာဇီးမှာ မိုးကြီးပြီး ရေကြီးမြေပြိုမှုတွေဖြစ်လို့ လူ ၁၈ ဦးသေဆုံး
Photo - AFP

ဇန်နဝါရီ ၃၁

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ နဲ့ ၂၉ ရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“သောကြာနေ့နောက်ပိုင်း ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဘေးဒုက္ခဆိုးကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ရပါတယ်၊ အဲဒီထဲမှာ ကလေး ခုနစ်ယောက်လည်း ပါ ပါတယ်၊ လူ ၅၀၀ ကျော်ဟာလည်း အိုးအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်” လို့ ဆော်ပေါ်လိုပြည်နယ် အစိုးရက ပြောပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျောင် ဒိုရီယာက သဘာဝဘေးဒဏ်သင့်ဧရိယာတွေကို ရဟတ်ယာဉ်နဲ့ လိုက်လံကြည့်ရှုခဲ့ပြီးနောက် အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ မြို့ကြီး ၁၀ မြို့နဲ့ မြူနီစီပယ်ဧရိယာ ၆၄၅ ခု တို့အတွက် ကူညီဖို့ ဒေါ်လာ ၂ ဒသမ ၇ သန်း ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆော်ပေါ်လိုပြည်နယ်ကတော့ ယင်းနိုင်ငံမှာ လူဦးရေ အထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး လူပေါင်း ၄၆ သန်း နေထိုင်တယ်လို့ သိရပါတယ်။

မိုးကြီးပြီးနောက် ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးကြောင့် သေဆုံးခဲ့သူ ၁၈ ဦးအတွက် မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းလည်း ဒိုရီယာက ထုတ်ဖော်သွားခဲ့ပါတယ်။

သေဆုံးသူတွေအနက် ၁၁ ဦးကတော့ ပြည်နယ်အတွင်းပိုင်း မြို့တွေမှာ မြေပြိုမှုတွေဖြစ်ပြီး နေအိမ်တွေဖုံးလွှမ်းခံရလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကိုးဦးဒဏ်ရာရပြီး ငါးဦး ပျောက်ဆုံးနေတယ်လို့ အရပ်ဘက်ပြည်သူ့ကာကွယ်ရေးဌာနကလည်း ပြောပါတယ်။

လူဦးရေ ၁၂ သန်းခန့် နေထိုင်တဲ့ ဆော်ပေါ်လိုမြို့မှာလည်း မိုးကြီးခဲ့သေးပေမယ့် ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဘရာဇီးမှာ အောက်တိုဘာလမှာ စခဲ့တဲ့ မိုးရာသီနောက်ပိုင်း ရာသီဉတုနဲ့ ဆက်စပ်တဲ့ သဘာဝဘေးတချို့နဲ့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့ထားခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required