အမေရိကန်၏ အနာဂတ်ကို ယုံကြည်ဟု အိုဘားမားက နောက်ဆုံးနိုင်ငံတော်မိန့်ခွန်းတွင် ပြော

အမေရိကန်၏ အနာဂတ်ကို ယုံကြည်ဟု အိုဘားမားက နောက်ဆုံးနိုင်ငံတော်မိန့်ခွန်းတွင် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၁၃ ။        ။ သမ္မတဘားရက် အိုဘားမားသည် အမေရိကန်ပြည်ထောင်စု စစ်ဦးစီးချုပ်အနေဖြင့် နောက်ဆုံး နိုင်ငံတော်မိန့်ခွန်းကို ဇန်နဝါရီလ ၁၃ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့သည်။

‘ကျနော့ရဲ့ နောက်ဆုံးမိန့်ခွန်းအနေနဲ့ နောက်နှစ်အကြောင်းကို ကျနော်မပြောချင်ဘူး။ နောက်၅နှစ်၊ ၁၀နှစ် အဲဒီအလွန်ကိုပဲ အာရုံစိုက်ချင်တယ်။ ကျနေ်ာတို့ရဲ့ အနာဂတ်အပေါ်ပဲ အာရုံပြုချင်တယ်’’ဟု အိုဘားမားက ပြောကြားခဲ့သည်။  

မစ္စတာအိုဘားမား၏ နောက်ဆုံးနိုင်ငံတော်မိန့်ခွန်းမှာ နောက်နှစ်ဇန်နဝါရီလတွင် တက်မည့် သမ္မတသစ်အတွက် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီတွင် သန်းပေါင်းများစွာသော အမေရိကန်များ၏ အာရုံကို ဖမ်းစားနိုင်ရန် နောက်ဆုံးအခွင့်အရေး တစ်ခုပင် ဖြစ်သည်။

မိန့်ခွန်းထဲတွင် အမေရိကန်သမ္မတက သူ့အနေဖြင့် ဒုသမ္မတ ဂျိုးဘိုင်ဒင်အား မစ်ရှင်အကြီးအမှူးထား၍ ကင်ဆာရောဂါကို ကုစားရန် နိုင်ငံတော်အဆင့် ကြိုးစားနေကြောင်းနှင့် အာဖရိကတွင် ငှက်ဖျားရောဂါကို တိုက်ဖျက်ရာတွင် မတည်ထောက်ပံ့ရန် ကွန်ဂရက်ကို ဖိအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘ကျနော်တို့ ဆုံးရှုံးခဲ့ရတဲ့ ချစ်ရတဲ့သူတွေအတွက်၊ ကျနော်တို့ ကယ်တင်နိုင်သေးတဲ့ မိသားစုအတွက် အမေရိကကို ကင်ဆာရောဂါ ထာဝရကုစားနိုင်တဲ့ နိုင်ငံဖြစ်အောင် လုပ်ကြပါစို့’’ဟု အိုဘားမားက   ပြောကြားခဲ့သည်။

ထို့အပြင် ကွန်ဂရက်နယ်မြေများတွင် ခြယ်လှယ်ကစားခြင်းကို ရပ်တန့်ပြီး၊ နိုင်ငံရေးတွင် ငွေကြေး၏သြဇာကို လျှော့ချကာ မဲပေးခြင်းကိုလည်း လွယ်ကူချောမွေ့အောင် လုပ်ခြင်းဖြင့် နိုင်ငံရေးစနစ်ကို   ပြုပြင်ရန်လည်း မစ္စတာ အိုဘားမားက တိုက်တွန်းခဲ့သည်။

နိုင်ငံရေးစနစ်က ချမ်းသာသြဇာရှိတဲ့ လူ့ဘောင်ကျဉ်းကျဉ်းကလေးကိုပဲ ဘက်လိုက်နေပြီး သာမန်လူတွေက သူတို့အသံတွေဟာ အရေးမပါဘူးလို့ ခံစားလာရတဲ့အခါ ဒီမိုကရေစီ ပြိုကွဲသွားတာပါပဲဟု အိုဘားမားက ပြောကြားခဲ့သည်။  

‘အမေရိကန်အတော်များများက အခု အဲဒီလို ခံစားနေရပါတယ်။ ကျနော့် သမ္မတသက်တမ်းမှာ ဝမ်းနည်းစရာတစ်ခုက ပါတီတွေကြားက အမုန်းနဲ့ သံသယတွေဟာ ပိုကောင်းမလာဘဲ၊ ပိုဆိုးသွားတာပါပဲ’ ဟု အိုဘားမားက ထပ်လောင်းပြောကြားသွားခဲ့သည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပတ်သက်၍လည်း ဝင်ငွေခွန်လျှော့ချမှုကို ကျယ်ပြန့်စေခြင်းဖြင့် ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းရေး ပြုပြင်ပြောင်းလဲမှုများကို ရီပတ်ဘလီကင် လွှတ်တာ်ဥက္ကဌ ပေါ ရိုင်ယင်နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ အနာဂတ်အပေါ် အကောင်းမြင်မှုကို ချပြသည့် မိန့်ခွန်းထဲတွင် ဝေဖန်သူများမှာ စစ်သွေးကြွအုပ်စုကို ဆန့်ကျင်တိုက်ဖျက်နေမှုကို တတိယကမ္ဘာစစ်နှင့် နှိုင်းယှဉ်ခြင်းဖြင့် အိုင်အက်စ် အကြမ်းဖက်အုပ်စု ဆင်ထားသည့် အကွက်အတွင်းသို့ ရောက်ရှိနေကြသည်ဟုလည်း မစ္စတာအိုဘားမားက စွပ်စွဲခဲ့သည်။

‘ပစ်ကပ်ကားနောက်ခန်းထဲက တိုက်ခိုက်ရေးသမားတွေ၊ တိုက်ခန်းတွေ ဂိုဒေါင်တွေမှာ အကွက်ချ စီစဉ်နေသူတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကြီးမားတာကြောင့် ရပ်တန့်ပစ်ရမှာ မှန်ပေမယ့်လည်း ကျနော်တို့ရဲ့ နိုင်ငံတော်ဖြစ်တည်မှုကို ခြိမ်းခြောက်နေတာတော့ မဟုတ်ပါဘူး’’ဟု အိုဘားမားက ပြောကြားခဲ့သည်။

ဆက်လက်ပြီး သမ္မတ အိုဘားမားက ၎င်း၏ နောက်ဆုံးမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စု၏ အနာဂတ်နှင့် ပတ်သက်၍ အပြည့်အဝယုံကြည်မှုရှိကြောင်းလည်း ပြောကြားခဲ့သည်။

‘ကျနော် ခင်ဗျားကို ယုံကြည်တဲ့အတွက် အပြောင်းအလဲကိုလည်း ယုံကြည်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုဟာ ခိုင်မာတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော် ဒီနေရာမှာ ရပ်နေတာပါ’’ဟု အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly