ရန်ကုန်ကွင်းလယ်လူ ကျော်မင်းဦး ဒူးဒဏ်ရာကြောင့် ဟံသာဝတီနှင့်ပွဲ ပါ၀င်ရန် မသေချာ

ရန်ကုန်ကွင်းလယ်လူ ကျော်မင်းဦး ဒူးဒဏ်ရာကြောင့် ဟံသာဝတီနှင့်ပွဲ ပါ၀င်ရန် မသေချာ
ဟံသာဝတီနှင့်ပွဲကိုလွဲဖွယ်ရှိနေသည့် ရန်ကုန်ယူနိုက်တက်ကွင်းလယ်ကစားသမား ကျော်မင်းဦး (ဓါတ်ပုံ YUFC)

ဇန်နဝါရီ ၁၃၊ ရန်ကုန်။          ။ ရန်ကုန်ယူနိုက်တက်အသင်းသို့ ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် အသစ်ရောက်ရှိလာသည့် ကွင်းလယ်လူကျော်မင်းဦးသည် ပြီးခဲ့သည့် မကွေးအသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့် ဟံသာဝတီအသင်းနှင့်ပွဲစဉ်အား ပါဝင်ရန် မသေချာသေး ဟု ရန်ကုန်အသင်းအထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ကျော်မင်းဦးသည် ပြီးခဲ့သည့် လိဂ်အဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့်ပွဲတွင် ပထမပိုင်း၌ တစ်ဖက်ကစားသမားနှင့်ခိုက်မိကာ ဒူးဒဏ်ရာရရှိခဲ့ပြီး စွမ်းထက်အောင်နှင့် လူစားလဲခဲ့ရကာ ယင်းပွဲတွင် ရန်ကုန်အသင်းက ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ကျော်မင်းဦး၏ ဒဏ်ရာအနေအထားနှင့် ပတ်သက်၍ “ ကျော်မင်းဦးဒဏ်ရာက ဒူးကို ခိုက်မိတာပါ။ ဆရာဝန်ပြောတာတော့ နားရဦးမယ် ပြောတယ်။ လောလောဆယ်တော့ အခြေအနေစောင့်ကြည့်နေတုန်းပါပဲ။

ကာလရှည်နားရဖို့တော့ မရှိပါဘူး။ လာမယ့် ဟံသာဝတီနဲ့ပွဲမှာတော့ ပါမပါ မသေချာသေးပါဘူး။ အသင်းက နည်းပြအသစ်လည်း ရောက်လာပြီဆိုတော့ လာမယ့်ပွဲကို အကောင်းဆုံးပြင်ဆင်သွားမှာပါ ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ကျော်မင်းဦးသည် ယခုနှစ် ဘောလုံးရာသီတွင် ဧရာဝတီအသင်းမှ ရန်ကုန်အသင်းသို့ ပြောင်းရွေ့လာခဲ့ပြီး အသင်း၏ပွဲစဉ်တိုင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းနှင့်အတူ ၂၀၁၆ ချာရတီဒိုင်းဗိုလ်စွဲအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။

ရန်ကုန်အသင်းသည် လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် ဟံသာဝတီအသင်းနှင့် ကစားရမည် ဖြစ်ပြီး အဆိုပါပွဲအပြီးနောက် AFC Cup ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂ ရက်တွင် ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly