အိန္ဒိယ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်များကို သက်သေခံကတ်ပြားများ ထုတ်ပေးမည်

By Scroll.in
30 January 2022
အိန္ဒိယ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်များကို သက်သေခံကတ်ပြားများ ထုတ်ပေးမည်
Photo - Scroll.in

ဇန်နဝါရီလ ၃၀ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံနေခဲ့ကြသည့် မြန်မာဒုက္ခသည်များကို မီဇိုရမ်အစိုးရက သက်သေခံကတ်ပြားများ (ID cards) ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် မြန်မာဒုက္ခသည် ၁၆,၀၀၀ နီးပါးကို သက်သေခံကတ်ပြားများ ထုတ်ပေးမည့် လုပ်ငန်းစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်နေကြောင်း၊ သို့သော် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် လုပ်ငန်းလုပ်ဆောင်မှုက နှေးကွေးနေခဲ့ကြောင်း ပြည်နယ်၏ ပြည်ထဲရေးဌာန အတွင်းဝန် ဗန်လယ်ဂေဆာကာက the Times of India ကို ပြောခဲ့သည်။

မီဇိုရမ်သည် မြန်မာနှင့်အကြား ကီလိုမီတာ ၅၁၀ နယ်စပ်ချင်း ထိစပ်နေသည်။

အိမ်နီးချင်းနိုင်ငံတွင် အာဏာသိမ်းပြီးနောက် မြန်မာဒုက္ခသည် ၈,၄၀၀ ကျော် နယ်စပ်ဖြတ်ကာ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ထားခဲ့သည်ဟု ဩဂုတ်လက အိန္ဒိယဗဟိုအစိုးရက အထက်လွှတ်တော်ကို ပြောခဲ့သည်။ ၎င်းတို့အနက် ဒုက္ခသည် ၅,၇၉၆ ဦးကို ပြန်ပို့ထားပြီးဖြစ်ကြောင်း ဗဟိုအစိုးရက ပြောခဲ့သည်။

သို့သော် မီဇိုရမ်အာဏာပိုင်များ ထုတ်ဖော်သည့် မြန်မာဒုက္ခသည်ဦးရေက ယင်းထက် သိသိသာသာ များပြားနေခဲ့သည်။

ဇွန်လက ပြည်နယ်ရဲတပ်ဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသား ၉,၂၄၇ ဦး မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံနေခဲ့ကြသည်ဟု ဆိုသည်။ ၎င်းတို့ထဲတွင် လွှတ်တော်အမတ် ၂၀ ဦးကျော်လည်း ပါဝင်ကြောင်း ရဲတစ်ဦးက ပြောခဲ့သည်။

အမည်မဖော်လိုသည့် မီဇိုရမ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ရာတွင် သက်သေခံကတ်ပြားများ ထုတ်ပေးမှုက ခက်ခဲသော အလုပ်တစ်ခုဖြစ်နေကြောင်း၊ အကြောင်းမှာ ဒုက္ခသည်အချို့သည် နယ်စပ်တလျောက် မတူညီသော နေရာအသီးသီးတွင် နေထိုင်နေကြသလို အများအပြားမှာ ၎င်းတို့၏ ဆွေမျိုးများနှင့် နေထိုင်နေကြ၍ဖြစ်ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required