အကြမ်းဖက်သမားများကို နှစ်သိမ့်ပေးနေသည့် ပါကစ္စတန်အစိုးရကို အတိုက်အခံတို့ ဝေဖန်

By Exbulletin
30 January 2022
အကြမ်းဖက်သမားများကို နှစ်သိမ့်ပေးနေသည့် ပါကစ္စတန်အစိုးရကို အတိုက်အခံတို့ ဝေဖန်

ပါကစ္စတန်အစိုးရသည် အကြမ်းဖက်အဖွဲ့အုပ်စုများကို နှစ်သိမ့်ပေးမည့် မူဝါဒတစ်ရပ် ကိုင်ဆွဲနေခြင်းအပေါ် အတိုက်အခံတို့က အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ အစိုးရအနေဖြင့် နိုင်ငံတွင် ပိတ်ပင်တားမြစ်ထားသည့် Tehreek-i-Taliban (TTP) ဟု သိကြသော ပါကစ္စတန်တာလီဘန်အဖွဲ့နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ရှိတ်ခ် ရာရှစ်ဒ် အာမက်ဒ်က ပြောဆိုခဲ့ပြီးနောက် အတိုက်အခံတို့က အစိုးရအပေါ် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံ ခေါင်းဆောင်များသည် ဇန်နဝါရီ ၂၄ ရက်က အထက်လွှတ်တော်၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုတစ်ခုအတွင်း အစိုးရကို ပြစ်တင် ဝေဖန်ခဲ့ကြသည်။ အစိုးရအပေါ် စိန်ခေါ်နေသည့် အဖွဲ့အုပ်စုများနှင့် ဆွေးနွေးညှိနှိုင်းသည့် စိတ်ကူးကြောင့် အစွန်းရောက်အုပ်စုများကို မြှောက်ပင့်သွေးထိုးပေးရာ ရောက်နေသည်ဟု ပါကစ္စတန် အတိုက်အခံခေါင်းဆောင်များက ပြောခဲ့ကြောင်း Dawn သတင်းစာတွင် ရေးသားထားသည်။

အထူးသဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု မရသေးသည့် အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရ ကြားဝင်မှုဖြင့် လုပ်ဆောင်နေခဲ့သည့် TTP အဖွဲ့နှင့် ပါကစ္စတန်အစိုးရတို့အကြား ဆွေးနွေးမှုများကို စိုးရိမ်ပူပန်ကြောင်း အတိုက်အခံ အထက်လွှတ်တော်အမတ်များက ထုတ်ဖော်ခဲ့ကြသည်။

အစိုးရအနေဖြင့် TTP နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ရာရှစ်ဒ်က ဆီးနိတ်လွှတ်တော်တွင် ပြောခဲ့သော်လည်း နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်သည့် မည်သည့်အဖွဲ့ကိုမဆို တင်းမာစွာ ကိုင်တွယ်သွားမည်ဟု ကတိပြုခဲ့သည်ဟု Express Tribune သတင်းစာတွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် ဩဂုတ်လ ၁၅ ရက်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ပါကစ္စတန်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly