တာလီဘန်တို့ ထိန်းချုပ်လိုက်ပြီးနောက် အာဖဂန်နစ္စတန်တွင် လူ ၅ သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွား

By MSN
30 January 2022
တာလီဘန်တို့ ထိန်းချုပ်လိုက်ပြီးနောက် အာဖဂန်နစ္စတန်တွင် လူ ၅ သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွား

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ပြည်သူ ငါးသိန်းကျော် အလုပ်အကိုင်များကို ဆုံးရှုံးခဲ့ကြရကြောင်း ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် နိုင်ငံ၏ စီးပွားရေးသည် တုံ့ဆိုင်း ရပ်တန့်နေခဲ့သည်ဟု ILO က သတိပေးခဲ့သလို အလုပ်အကိုင်များနှင့် အလုပ်လုပ်ချိန်ပိုင်းတွင် ကြီးမားသော ဆုံးရှုံးမှုများ ရှိနေခဲ့ကြောင်းနှင့် အထူးသဖြင့် အမျိုးသမီးများသည် ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်၌ လက်ရှိ ဖြစ်ပေါ်နေသည့် အကျပ်အတည်းနှင့် လုပ်ငန်းခွင်များအတွင်း အမျိုးသမီးများ ပါဝင်လုပ်ကိုင်မှုအပေါ် ပိတ်ပင်ကန့်သတ်မှုများ ရှိနေခြင်းနှင့်အတူ ယခုနှစ် နှစ်လယ်ပိုင်းတွင် အလုပ်အကိုင် ဆုံးရှုံးရမှုအရေအတွက်က ၇သိန်းနီးပါးအထိ မြင့်တက်ဖွယ်ရှိနေပြီး အဆိုးဆုံးအတိုင်းအတာအဖြစ် ၉ သိန်းအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေကြောင်း သိရသည်။

အမျိုးသမီးများ၏ အလုပ်ခန့်အပ်ခံရမှု အဆင့်သည် ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်ဖြင့် နှိုင်းယှဉ်ပါက ယင်းနိုင်ငံတွင် အလွန်အမင်း နိမ့်ကျနေသလို ၂၀၂၁ ခုနှစ် တတိယ ၃လပတ်တွင် ၁၆ ရာခိုင်နှုန်း လျော့ကျခဲ့လိမ့်မည်ဟု ခန့်မှန်းရကြောင်း ILO က ပြောသည်။ ထို့ပြင် အမျိုးသမီးများ၏ အလုပ်ခန့်အပ်ခံရမှု အဆင့်သသည် ၂၀၂၂ နှစ်လယ်ပိုင်းတွင် ၂၁ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းအကြား ကျဆင်းနိုင်သည်ဟု ILO က ပြောသည်။

"အာဖဂန်နစ္စတန်ရဲ့ အခြေအနေက သေရေးရှင်ရေးတမျှ ဖြစ်နေပါတယ်၊ နိုင်ငံ တည်ငြိမ်မှုရှိဖို့နဲ့ ပြန်လည်နာလန်ထူဖို့အတွက်လည်း ထောက်ကူပံ့ပိုးမှုတွေ အရေးတကြီး လိုအပ်နေပါတယ်" ဟု ILO ၏ အာဖဂန်နစ္စတန်ဆိုင်ရာ အကြီးတန်း ညှိနှိုင်းရေးမှူး ရာမင် ဘီဟ်ဇက်ဒ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly