တောင်တရုတ်ပင်လယ်တွင် စစ်သင်္ဘောတွေ့ရှိခြင်းကြောင့် တရုတ်က အမေရိကန်ကို သတိပေး

တောင်တရုတ်ပင်လယ်တွင် စစ်သင်္ဘောတွေ့ရှိခြင်းကြောင့် တရုတ်က အမေရိကန်ကို သတိပေး

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေ ရေပြင်အတွင်း ဖြတ်သွားသည့် အမေရိကန် စစ်သင်္ဘော တစ်စင်းကို ခြေရာခံမိကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ကာ အမေရိကန်၏ ရန်စသည့် လုပ်ရပ်အဖြစ် စွပ်စွဲလိုက်ပြီး ပြင်းထန်သော အကျိုးဆက်များဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

အမေရိကန်ရေတပ်က အဆိုပါခရီးစဉ်သည် နိုင်ငံတကာဥပဒေနှင့်အညီ ခုတ်မောင်း၊ ပျံသန်းခွင့်နှင့် နိုင်ငံတကာဥပဒေခွင့်ပြုထားသည့်နေရာတိုင်းတွင် သွားလာခွင့်ကို ကာကွယ်ရမည့် စည်းမျဉ်းများနှင့် အညီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် တရုတ်တပ်မတော်၏ တောင်ပိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfoldသည် "တရုတ်အစိုးရ၏ခွင့်ပြုချက်မရှိဘဲ ရှီးရှား ရေပိုင်နက် အတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည်" ဟု ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ထန်းကျန်းလီက တရုတ်ရေတပ်နှင့် လေတပ်များသည် သင်္ဘောကို ခြေရာခံ စောင့်ကြည့်ရန်နှင့် ရေပိုင်နက်အတွင်းမှ ထွက်ခွာရန် သတိပေးချက်များ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်ဘက်က ဒီလို ရန်စတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ အလေးအနက် တောင်းဆိုပါတယ်။ လိုက်နာမှုမရှိရင် ကြိုမမြင်နိုင်တဲ့ အဖြစ်အပျက်တွေရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရပါလိမ့်မယ်” ဟု စစ်ဌာနချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ရေတပ်က တရုတ်၏ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ခဲ့သည်။

ပရာဆယ်ဟုလည်းလူသိများသော ရှီးရှား ကျွန်းများသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားမှုဖြစ်ပွားနေသော ကျွန်းများဖြစ်သည်။ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့က ပိုင်ဆိုင်ကြောင်း ပြောကြားထားသော်လည်း တရုတ်က လက်တွေ့ကျကျ ထိန်းချုပ်ထားသည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်လျှောက် စောင့်ကြည့်ထောက်လှမ်းမှုနှင့် သြဇာလွမ်းမိုးများကို ဖော် ဆောင်ရန် တရုတ်၏ ရည်မှန်းချက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ကျွန်းတန်းများ၌ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခဲ့ကြောင်း အာရှပင်လယ်ရေကြောင်း ပွင့်လင်းမြင်သာမှု ပဏာမခြေလှမ်းအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly