တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ရေးအပေါ် တရုတ်က အကြောင်းပြချက် ပြောင်းလဲလာကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ရေးအပေါ် တရုတ်က အကြောင်းပြချက် ပြောင်းလဲလာကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တောင်တရုတ်ပင်လယ်အတွင်း ဧရိယာ ၉၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ကြောင်း တရုတ်က နယ်နမိတ် ၉ နေရာ သတ်မှတ်ထားသည့် Nine-dash Line ကြေညာချက်မှ ကျွန်းစု ၄ ခုအပေါ်အခြေခံသည့် နယ်နမိတ် သတ်မှတ်ချက် Four Sha သို့ ပြောင်းလဲလာသည့် ပုံစံကို သံသယရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖက်ဒင် အဒူလ်လာက ပြောကြားထားသည်။

တရုတ်က Nine-dash Line အကြောင်းကို ပြောနေရာမှ ကျယ်ပြန့်သောတောင်းဆိုမှုများကို ထောက်ခံရန် ဥပဒေသီအိုရီအသစ်ဆီသို့ ကူးပြောင်းသွားပုံရပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖက်ဒင် အဒူလ်လာ ထောက်ပြသကဲ့သို့ အဆိုပါ ပုံစံသစ်သည်လည်း နိုင်ငံတကာဥပဒေအောက်တွင် ပြဿနာရှိပုံရကြောင်း ဆန်းစစ်လေ့လာ သူများ၏ ပြောကြားချက်ကို Radio Free Asia တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများက ယင်းအပြောင်းအလဲနှင့် မျက်မြင်တွေ့ကြုံနေရပြီး ယခင်တောင်းဆိုချက်ထက် ပိုမိုပြင်းထန်သည် ဟု အဒူလ်လာ ပြောကြားခဲ့သည်။

Four Sha ခေါ် ပင်လယ်ပြင် သဲကျွန်းစု ၄ ခု သတ်မှတ်ချက်အရ တောင်တရုတ်ပင်လယ်ရှိ ကျွန်း ၄ ကျွန်း နယ်နမိတ်ကို ပိုင်ဆိုင်ကြောင်း တရုတ်က ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် ပါဝင်သည့် ကျွန်းများကို တုံရှား ကွန်တောင်၊ ၊ရှီရှား ကွန်တောင်၊ကျုံးရှား ကွန်တောင် နှင့် နန်ရှား ကွန်တောင် ဟု တရုတ်က ခေါ်ဝေါ်ထားပြီး နိုင်ငံတကာတွင် ယင်းတို့ကို ပရာတာစ်ကျွန်းများ၊ ပရာဆယ်ကျွန်းများ၊ မက်ဆယ်ဖီးကမ်းဧရိယာနှင့် စပါတလေကျွန်းများအဖြစ် လူသိများသည်။

ကြေညာချက်အသစ်အရ U ပုံစံသဏ္ဍာမျဉ်းအတိုင်း တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာခြင်းဖြစ်ကြောင်းလည်း RFA က ဖော်ပြထားသည်။

တရုတ်၏ Nine-dash Line တောင်းဆိုချက်အား ဥပဒေကြောင်းအရ အခြေခံအချက်နှင့် မညီညွတ်ကြောင်း အစောပိုင်းက နိုင်ငံတကာခုံရုံးတစ်ခုက ၂၀၁၆ခုနှစ်တွင် စီရင်ဆုံးဖြတ်ခဲ့သဖြင့် တောင်းဆိုချက် ပျက်ပြယ်စေခဲ့သည်။ တရုတ်က ပယ်ချခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက်ကို အခြားနိုင်ငံများက ထောက်ခံခဲ့ကြသည်။

သို့သော် တရုတ်က ကြွေးကြော်ထားသည့် Four Sha အယူအဆနှင့် ပတ်သက်၍ တောင်တရုတ်ပင်လယ်အရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် 'ပင်လယ်တွင်း ကန့်သတ်ချက်များ' အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly