တရုတ်၊ ရုရှားနှင့် အီရန်တို့၏ ဆိုက်ဘာတိုက်ခိုက်မှုများကို သြစတြေးလျနှင့် ဗြိတိန်တို့က လက်တုံ့ပြန်မည်

By Asia Financial
30 January 2022
တရုတ်၊ ရုရှားနှင့် အီရန်တို့၏ ဆိုက်ဘာတိုက်ခိုက်မှုများကို သြစတြေးလျနှင့် ဗြိတိန်တို့က လက်တုံ့ပြန်မည်

တရုတ်၊ ရုရှားနှင့် အီရန်တို့၏ ဆိုက်ဘာတိုက်ခိုက်မှုများကို သြစတြေးလျနှင့် ဗြိတိန်တို့က ပြန်လည် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒတ်တန်က ဆစ်ဒနီမြို့တွင် ဗြိတိန်အစိုးရ တာဝန်ရှိသူနှင့် မတွေ့ဆုံမီ ပြောကြားခဲ့သည်။

သြစတြေးလျ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးများက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့၊ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်တို့နှင့် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ဇန်နဝါရီလ ၂၁ရက်က တွေ့ဆုံခဲ့ကြသည်။

အင်တာနက်တွင် ရန်လိုသောနိုင်ငံများ၏ လုပ်ဆောင်မှုများအတွက် အသုံးစရိတ်များ တိုးမြင့်ခြင်းဖြင့် ဟန့်တားရန် ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီဆန်ပေးက ဇန်နဝါရီလ ၂၁ရက်တွင် ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့နှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့သည်။

" နည်းပညာကို အသုံးပြုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အားနည်းအောင်လုပ်နေတဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ဆောင်သူတွေကို စိန်ခေါ်ဖို့ ဗြိတိန်လို မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်သွားပါမယ်လို့ သြစတြေးလျက ကတိပြုပါတယ်" ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီဆန်ပေး က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၂၁ရက်အစည်းအဝေးတွင် ဆိုက်ဘာလုံခြုံရေးကို အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒတ်တန်က ပြောကြားခဲ့သည်။

"ဗြိတိန်နဲ့ သြစတြေးလျနှစ်နိုင်ငံစလုံးက ရုရှား၊ တရုတ်၊ အီရန်နဲ့ အခြားနိုင်ငံတွေရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကို ခံနေရပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အဆိုအရ ဆိုက်ဘာရာဇဝတ်မှုများသည် ၂၀၂၁ခုနှစ်တွင် မြင့်တက်လာခဲ့ပြီး ransomwareတိုက်ခိုက်မှုများ ၁၅၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တစ်နှစ်အတွင်း အဖွဲ့အစည်းတစ်ခုလျှင် ဆိုက်ဘာတိုက်ခိုက်ခံရမှု ပျမ်းမျှ ၂၇၀ ရှိပြီး ၂၀၂၀ပြည့်နှစ်တွင် ၃၁ရာခိုင်နှုန်းတိုးလာသည်။

ဗြိတိန်နှင့် သြစတြေးလျနှစ်တို့ အတူတကွ လုပ်ဆောင်နိုင်မည့် နယ်ပယ်များကိစ္စဆွေးနွေးခြင်းနှင့် သြစတြေးလျ၏ နျူကလီးယား ရေငုပ်သင်္ဘောအစီအစဉ်ကိုလည်း ဖော်ထုတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly