၂၀၁၇ နောက်ပိုင်း စွမ်းအားအပြင်းဆုံး ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

၂၀၁၇ နောက်ပိုင်း စွမ်းအားအပြင်းဆုံး ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်
Photo - AFP

ဇန်နဝါရီ ၃၀

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ယင်းရဲ့ စွမ်းအားအပြင်းဆုံး ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတစ်ခုကို ဇန်နဝါရီ ၃၀ ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ယခုလအတွင်း မြောက်ကိုရီးယားတို့ လုပ်ဆောင်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် ဒုံးကျည် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုတွေ ရှေ့ကာလမှာ ဆက်လက်လုပ်ဆောင်လာနိုင်တယ်လို့ တောင်ကိုရီးယားက သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြက္ခဒိန်လ တစ်လအတွင်း ခုလောက်ထိ အကြိမ်ရေ များပြားတဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ယခင်က ဘယ်တုန်းကမှ လုပ်ဆောင်ထားခဲ့တာမျိုး မရှိပါဘူး။

ဒါ့အပြင် မြောက်ကိုရီးယားဟာ တာဝေးပစ်နဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်မှုအပေါ် ယင်းဘာသာ ချမှတ်ထားတဲ့ ငါးနှစ်နီးပါးကြာ ဆိုင်းငံ့ထားမှုကို စွန့်လွှတ်တော့မယ်လို့လည်း ပြီးခဲ့တဲ့အပတ်က ခြိမ်းခြောက်ထားခဲ့ပါတယ်။

အမေရိကန်နဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ရှေ့မဆက်နိုင်တော့ဘဲ ရပ်တန့်နေခဲ့တာနဲ့အတူ မြောက်ကိုရီးယားဟာ ယခုဒုံးကျည်စမ်းသပ်မှုတွေနဲ့အတူ နိုင်ငံစစ်တပ်ကို ခေတ်မီအောင် လုပ်မယ်ဆိုတဲ့ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ပြောကြားချက်ကို ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်နေခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အမြင့်ဆုံးရောက်ခဲ့ချိန်ဖြစ်တဲ့ ၂၀၁၇ ခုနှစ်ကလို “တူညီတဲ့ ပုံစံ” အတိုင်း လက်ရှိအချိန်မှာလည်း လုပ်ဆောင်နေပုံပေါ်ကြောင်းနဲ့ ပြုံယမ်းဟာ မကြာခင် နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံး စမ်းသပ်မှုတွေ ပြန်စလာနိုင်ကြောင်း တောင်ကိုရီးယားက သတိပေးပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တာဝေးပစ်လက်နက်တွေ စမ်းသပ်မှု တရားဝင်ဆိုင်းငံ့ကြောင်း ကြေညာချက်ကို ချိုးဖျက်ဖို့ နီးစပ်လာနေပြီဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ဆိုးလ်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ခုအပြီးမှာ ပြောခဲ့ပါတယ်။

အရှေ့ပင်လယ်ဘက်ဆီ ဦးတည်ပြီး ခပ်မြင့်မြင့် ချိန်ရွယ် ပစ်ခဲ့တဲ့ မြောက်ကိုရီးယားတို့ရဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံး ပစ်လွှတ်စမ်းသပ်မှုတစ်ခုကို မိမိတို့ ထောက်လှမ်းသိရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

တနင်္ဂနွေနေ့မှာ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကတော့ အမြင့် ကီလိုမီတာ ၂,၀၀၀ အထိ ရောက်ခဲ့ပြီး အကွာအဝေး ကီလိုမီတာ ၈၀၀ ခန့်အထိ နာရီဝက်ကြာ ပျံသန်းခဲ့တယ်လို့ ခန့်မှန်းရကြောင်း တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောခဲ့ပါတယ်။

ယင်းစမ်းသပ်မှုအရ မြောက်ကိုရီးယားဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးသော တာလတ်ပစ် ပဲ့ထိန်းဒုံးကို စမ်းသပ်ခဲ့တာဖြစ်နိုင်ကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာမှု အင်စတီကျူ့မှ အကဲခတ်တစ်ဦးဖြစ်တဲ့ ဂျိုဆက် ဒမ့်ဆေးက တွစ်တာမှာ ရေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly