ကန်ရေတပ် သင်္ဘောနှစ်စင်းကို အီရန်က ဖမ်းဆီးထားသော်လည်း ပြန်လွှတ်ပေးမည်ဟုဆို

ကန်ရေတပ် သင်္ဘောနှစ်စင်းကို အီရန်က ဖမ်းဆီးထားသော်လည်း ပြန်လွှတ်ပေးမည်ဟုဆို

ဝါရှင်တန်၊ ဇန်နဝါရီ - ၁၃ ။            ။ စက်ချွတ်ယွင်းသွားပြီးနောက် အီရန်ရေပိုင်နက်အတွင်းသို့ မျောပါလာသည့် သင်္ဘော၂စင်းနှင့် အမေရိကန်ရေတပ် သင်္ဘောသား ၁၀ယောက်တို့ကို အီရန်က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

သင်္ဘောသားများမှာ ပိုင်နက်ကျူးလွန်သည်ဟု အီရန်က စွပ်စွဲထားသော်လည်း အမေရိကန်အာဏာပိုင်များကမူ အမှုထမ်းများနှင့် သင်္ဘောများကို အမြန်ဆုံး ဘေးအန္တရာယ် ကင်းကင်းဖြင့် ပြန်ပို့ပေးမည်ဟု တီဟီရန်က အာမခံထားကြောင်း ပြောကြားခဲ့သည်။

ပါရှန်းပယ်လယ်ကွေ့အတွင်းရှိ ဖာဆီကျွန်းပေါ်မှ အီရန်စခန်းတွင် တစ်ညတာ ထိန်းသိမ်းထားသည့် သင်္ဘောသား ယောကျ်ား ၉ယောက်နှင့် မိန်းမတစ်ယောက်ကို ဒေသတွင်းရှိ အမေရိကန်သင်္ဘောသို့ ဗုဒ္ဓဟူးနေ့ နံနက်အချိန်တွင် လွှဲပြောင်းပေးဖွယ်ရှိသည်ဟု ဆိုသည်။

အမေရိကန်က သင်္ဘောသားတစ်ယောက်နှင့် စကားပြောခဲ့ရာ ၁၀ယောက်စလုံး ထိခိုက်ဒဏ်ရာမရှိ ပကတိ ကောင်းမွန်နေသည်ဟု ယုံကြည်ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရေးဗားရင်း သင်္ဘောများမှာ ကူဝိတ်နှင့် ဘာရိန်းကြား ခုတ်မောင်းနေစဉ် အမေရိကန်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ပီတာ ကွတ်က ပြောကြားခဲ့သည်။

ပင်လယ်ကွေ့အလယ်ရှိ ဖာဆီကျွန်းအနီးတွင် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သင်္ဘောတစ်စင်းမှ စက်ချွတ်ယွင်းမှုက ၎င်းတို့ကို အီရန်ရေပိုင်နက်အတွင်းသို့ မျောပါသွားစေခဲ့ပြီး အီရန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အီရန်သတင်းအေဂျင်စီ FARS ၏ ပြောကြားချက်အရ သင်္ဘောသားများမှာ အီရန်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသောကြောင့် အမေရိကန်များဟု ယူဆရသည့် နိုင်ငံခြားတပ်သား ၁၀ယောက်ကို အီရန်ရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

‘ကျနော်တို့ အီရန်နဲ့ ဆက်သွယ်ပြီးပါပြီ။ သင်္ဘောသားတွေနဲ့ သင်္ဘောတွေကို အမြန်ဆုံး ပြန်ပို့ပေးမယ်လို့ အာမခံချက်လည်း ရရှိထားပါပြီ’ဟု ကွတ်က ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ အီရန်နှင့် တင်းမာမှုများ မြင့်မားလာနေချိန်၊ သမ္မတ ဘားရက် အိုဘားမားက ကွန်ဂရက်နှင့် လူထုသို့ နိုင်ငံတော်မိန့်ခွန်းမပြောကြားမီ နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly