အိုင်အက်စ်၏ ခြိမ်းခြောက်မှု ရှိနေသည့် အာဖဂန်မြောက်ပိုင်းတွင် တာလီဘန်တို့က တပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်ကို ချထား

အိုင်အက်စ်၏ ခြိမ်းခြောက်မှု ရှိနေသည့် အာဖဂန်မြောက်ပိုင်းတွင် တာလီဘန်တို့က တပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်ကို ချထား

အိုင်အက်စ် (ISIS) အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် တာလီဘန်တို့သည် ဇန်နဝါရီ ၁၇ ရက်က အာဖဂန်နစ္စတန်၏ မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်သော ဆာ-အီ-ပူလ်တွင် လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ၂,၅၀၀ ကျော် စေလွှတ်ထားသည်။

"တပ်ရင်း-၃ မှာ တပ်ဖွဲ့ဝင် ၁,၅၀၀ ကျော် တပ်ချထားသလို တပ်ရင်း-၄ မှာလည်း နောက်ထပ်တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ကို တပ်ချထားပါတယ်၊ ခုဆိုရင် သီတင်းပတ် ခြောက်ပတ် သင်တန်းတက်ထားတဲ့ တပ်ဖွဲ့ဝင် ၂၀၀ လောက်လည်း သင်တန်းဆင်းထားပြီးဖြစ်ပါတယ်" ဟု ဆာ-အီ-ပူလ် ပြည်နယ်ရှိ တာလီဘန် အကြီးတန်းတပ်မှူးတစ်ဦးဖြစ်သည့် မူဖ်တီ မိုဟာမက် မွတ်တာဆစ်ဒ်က ပြောကြောင်း Tolo News က ကိုးကားဖော်ပြသည်။

အဆိုပါ တပ်ချထားသည့် တပ်ဖွဲ့များသည် ကျွမ်းကျင်စွာ လေ့ကျင့် ပေးထားသူများဖြစ်ကြောင်း နိုင်ငံမြောက်ပိုင်းရှိ Al-Fatha တပ်မကြီး၏ တပ်မှူး အက်တူလာ အိုမာရီက ပြောသည်။

၎င်းတို့အနေဖြင့် မည်သည့် တိုက်ခိုက်မှုကိုမဆို ကာကွယ်သွားမည်ဟု သတိပေးပြောဆိုခဲ့ကြောင်း Tolo News က ဖော်ပြသည်။

Al-Fatha တပ်မကြီးသည် ဖာယက်ဘ်၊ ဆာ-အီ-ပူလ်၊ ဂျော့ဇ်ဂျန်၊ ဘော့ခ် နှင့် ဆာမန်ဂန် ပြည်နယ်တို့၏ လုံခြုံရေးအတွက် တာဝန်ယူထားသည်။

အစောပိုင်းက တာလီဘန်တို့ ထိန်းချုပ်မှုအောက်ရှိ အာဖဂန်နစ္စတန် တပ်ဖွဲ့များ၏ အရာရှိချုပ်က နိုင်ငံတွင် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ အင်အားရှိ တပ်ဖွဲ့တစ်ခု ထူထောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောခဲ့သည်ဟု Tolo News က ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly