တာလီဘန်လက်ထက်တွင် အာဖဂန်နစ္စတန်နှင့် ဗဟိုအာရှဒေသအကြား ကုန်သွယ်မှု မြင့်တက်

တာလီဘန်လက်ထက်တွင် အာဖဂန်နစ္စတန်နှင့် ဗဟိုအာရှဒေသအကြား ကုန်သွယ်မှု မြင့်တက်

တာလီဘန် ထိန်းချုပ်မှုအောက်တွင် အာဖဂန်နစ္စတန်သည် ပါကစ္စတန်နှင့်အကြား ကုန်သွယ်မှုပမာဏ လျော့ကျသွားသော်လည်း ဗဟိုအာရှဒေသနှင့်ကုန်သွယ်မှုတွင် မြင့်တက်ခဲ့ကြောင်း Tolo News က ဖော်ပြသည်။

အာဖဂန်နစ္စတန်နှင့် ဗဟိုအာရှ ၃ နိုင်ငံ (တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် နှင့် တာ့မန်နစ္စတန်) အကြား ကုန်သွယ်မှု ပမာဏသည် ယခုနှစ်အတွင်း မြင့်တက်ခဲ့သည်ဟု အာဖဂန်နစ္စတန် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း (ACCI) က ထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကိုးကား၍ Tolo News က ဖော်ပြသည်။

အာဖဂန်နစ္စတန်မှ ဗဟိုအာရှသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးမှာ ၂၀၂၁ နှစ်အတွင်း ကန်ဒေါ်လာ ၃၃ သန်း ရှိပြီး သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၂ ဘီလီယံကျော် ဖြစ်ကြောင်း ACCI ၏ ဖော်ပြချက်တွင် ပါရှိသည်။

"ဒီနှစ်မှာ ဗဟိုအာရှကနေ ကျွန်တော်တို့ရဲ့ သွင်းကုန်တင်သွင်းမှု တန်ဖိုးဟာ ဒေါ်လာ ၂ ဘီလီယံကျော် ဖြစ်ပါတယ်" ဟု ACCI ၏ ယာယီဥက္ကဋ္ဌ မိုဟာမက် ယူနက်စ် မိုမန်က ပြောသည်။

သို့သော် တာဝန်ရှိသူများသည် ယမန်နှစ်က အာဖဂန်နစ္စတန်နှင့် ဗဟိုအာရှအကြား ကုန်သွယ်မှု ပမာဏနှင့်ပတ်သက်ပြီး တိကျသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

သို့သော် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ကုန်သွယ်မှု ပမာဏသည် ယခုနှစ်တွင် ၂၆ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု နှစ်နိုင်ငံ ပူးတွဲကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများက ပြောသည်။

"ပါကစ္စတန်နဲ့ ကုန်သွယ်မှု ကျဆင်းသွားရတဲ့ အကြောင်းရင်း အများအပြား ရှိရာမှာ ပထမတစ်ခုကတော့ ဆိပ်ကမ်းတွေမှာ ကုန်စည် သယ်ယူပိုဆောင်ရေးပိုင်းဆိုင်ရာ ပြဿနာတွေရှိပါတယ်။ ဒုတိယတစ်ခုကတော့ ပါကစ္စတန်ရဲ့ ဘဏ်စနစ်ကြောင့် ကုန်သွယ်မှုအပေါ် ကန့်သတ်ချက်တွေ ဖြစ်ပေါ်စေခဲ့ပြီး အာဖဂန်နစ္စတန်ကို ကုန်စည်တွေ တင်သွင်းမှုပိုင်းမှာ လျော့ကျစေခဲ့တာဖြစ်ပါတယ်" ဟု ကုန်သည်ကြီးများအသင်း၏ အကြီးအကဲ နာခီဘူလာ ဆာဖီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly