မန္တလေး၌ မြန်မာဘီယာ ရောင်းသည့် စားသောက်ဆိုင် ၂ ဆိုင် ဗုံးခွဲမီးရှို့ခံရ

မန္တလေး၌ မြန်မာဘီယာ ရောင်းသည့် စားသောက်ဆိုင် ၂ ဆိုင် ဗုံးခွဲမီးရှို့ခံရ

ဇန်နဝါရီလ ၂၉ ရက်

မန္တလေးမြို့၌ စစ်တပ် အကျိုးစီးပွား ထုတ်ကုန် အမှတ်တံဆိပ် မြန်မာဘီယာ ရောင်းချနေသည့် စားသောက်ဆိုင် နှစ်ဆိုင် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင်  ဗုံးဖောက်ခွဲ မီးရှို့ ခံခဲ့ရသည်။

အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၈၈ လမ်းထောင်ရှိ Smart 88 စားသောက်ဆိုင်နှင့် ၂၂ လမ်း၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြားရှိ Dragon Star စားသောက်ဆိုင်တို့ ယမန်နေ့ ည ၈ နာရီခန့်က ဖောက်ခွဲ မီးရှို့ခံရခြင်း ဖြစ်ပြီး သတိပေးသည့်သဘော လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဖောက်ခွဲခဲ့သည့် အဖွဲ့များက ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ဆောင်မှုကို မန္တလေးအခြေစိုက် JMPDF နှင့် မဟာမိတ် သုံးဖွဲ့ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ 

မဟာမိတ် တပ်ပေါင်းစုများ ဖြစ်သော ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)၊ မန္တလေးမြို့ အခြေစိုက် Justice Mandalay PDF (JMPDF)၊  Phoenix (ရေစကြို) နှင့် Mandalay PDF တို့ ပူးပေါင်းလုပ်ဆောင် ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

ထိုဆိုင်များသည် စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းချကာ စစ်တပ်ဒေါက်တိုင် အဖြစ် စစ်ကောင်စီကို အလုပ်အကျွေး ပြုနေခြင်းကြောင့် ပထမတစ်ကြိမ် သတိပေးခဲ့ပြီး မလိုက်နာ သဖြင့် ယခု ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်ဟု  Justice Mandalay PDF-JMPDF က သတင်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထုတ်ကုန် မှန်သမျှကို အသုံးမပြုခြင်းဖြင့် ကူညီပေး ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည် ဟုလည်း  Phoenix (ရေစကြို) အဖွဲ့က သတင်း ထုတ်ပြန် ထားသည်။

မန္တလေးမြို့တွင် ဇန်နဝါရီ ၂၇ ရက်နေ့ ကလည်း မြန်မာဘီယာ ရောင်းချသည့် စားသောက်ဆိုင် သုံးဆိုင်နှင့်  KTV တစ်ခုတို့ ဗုံးဖောက်ခွဲ မီးရှို့ သတိပေးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required