မြန်မာတွင် ပြည်တွင်းစစ်မဖြစ်အောင် တားဆီးရမည်ဟု တရုတ် ပြော 

မြန်မာတွင် ပြည်တွင်းစစ်မဖြစ်အောင် တားဆီးရမည်ဟု တရုတ် ပြော 
Photo - Google

ဇန်နဝါရီလ ၂၉ ရက်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် ပြည်တွင်းစစ်တို့ မဖြစ်အောင် ကမ္ဘာက တားဆီးကာကွယ်ပေးရမည်ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက သောကြာနေ့တွင် ပြောသည်။ 

“ဒါဟာ ကျွန်တော်တို့အားလုံး စိတ်ထဲ ထားရှိထားရမယ့် ပဓာနပန်းတိုင်ပဲ ဖြစ်တယ်”ဟု လုံခြုံရေးကောင်စီ၏ နှစ်နာရီကြာ တံခါးပိတ်အစည်းအဝေးအပြီး၌ သံအမတ်ကြီး ကျန်းဂျန်က သတင်းထောက်များအား ပြောခြင်း ဖြစ်သည်။ 

မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် စင်ကာပူမှ နိုလင်း ဟေဇာသည် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက် တောင်းထားသည်ဟုလည်း ကျန်းဂျန်က ဆိုသည်။ 

“ကျွန်တော်တို့အနေနဲ့ သူ့ကို ပိုအချိန်ပေးဖို့ လိုပါတယ်၊ သူဟာ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအားလုံးနဲ့ ပြောဆိုနေပါတယ်၊ လာရောက်ခွင့်ရရေး ခွင့်ပြုချက်လည်း တောင်းထားပါတယ်၊ သူ ရလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်”ဟု ကျန်းဂျန်က ပြောသည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာစစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ 

သဘောထားကွဲလွဲသူများအား စစ်တပ်က လူသေစေလောက်သော နှိမ်နင်းမှုများဖြင့် ဖြိုခွင်းလျက် ရှိသည်။ 

အာဏာသိမ်းပြီးချိန်မှစကာ သဘောထားကွဲလွဲသူများအား နှိပ်ကွပ်ရန် စစ်တပ်၏ လူမဆန်သော ဖြိုခွင်းမှုများ၌ ပြည်သူ အနည်းဆုံး ၁၅၀၀ ‌သေဆုံးရပြီး ကျယ်ပြန့်သော လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများအတွင်း ထောင်နှင့်ချီကာ သေဆုံးရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောသည်။ 

မြန်မာဆိုင်ရာ အထူးသံတမန်က မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်လိုကြောင်းကို လုံခြုံရေးကောင်စီ အစည်းအဝေး၌ တင်ပြခဲ့ကြောင်း ဗြိတိန် လက်ထောက်သံအမတ်ကြီး ဂျိမ်းကာရူကီက ပြောသည်။ 

“သူ့အနေနဲ့ မကြာခင်မှာ သွားရောက်ဖို့ ကြိုးစားပါလိမ့်မယ်၊ အခြေအနေကတော့ ကောင်းပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required