ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို

ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို
Photo - AFP

ဇန်နဝါရီ ၂၈

ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် လက်ဝဲဝါဒီ စီယိုမာရာ ကက်စ်ထရိုက ဇန်နဝါရီ ၂၇ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အမှုအခင်းတွေနဲ့ ဆင်းရဲနွမ်းပါးမှုတို့ကြောင့် ဖိစီးခံနေခဲ့ရတဲ့ နိုင်ငံကို သူမရဲ့ လက်ထက်မှာ “ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံ” တစ်နိုင်ငံအဖြစ် အသွင်ပြောင်းလဲသွားမယ်လို့ သမ္မတသစ်ဖြစ်လာတဲ့ ကက်စ်ထရိုက ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာက အထူးဧည့်သည်တော်တွေ တက်ရောက်ခဲ့တဲ့ ကျမ်းကျိန်ပွဲအခမ်းအနားမှာ အသက် ၆၂ နှစ်ရှိ ကက်စ်ထရိုက ယမန်နေ့မှာ ကျမ်းကျိန်ခဲ့တာဖြစ်ပါတယ်။

တီဂူစီဂယ်လ်ပါ အမျိုးသားအားကစားရုံမှာ သူမရဲ့ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ ကက်စ်ထရိုက နိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ကံဆိုးမှုတွေအပေါ် ရှုတ်ချသွားခဲ့ပြီး ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနဲ့ အလုပ်အကိုင်ခန့်အပ်မှုတို့ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုသွားပါတယ်။

သူမဟာ “ချွတ်ခြုံကျနေတဲ့” နိုင်ငံတစ်နိုင်ငံကို ဆက်ခံတာဝန်ယူရတာဖြစ်ပြီး ဒီနိုင်ငံကို “ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံ” အဖြစ် ပြန်လည် ပုံဖော်သွားဖို့ ရည်ရွယ်ထားတယ်လို့ ကက်စ်ထရိုက ပြောပါတယ်။

ဟွန်ဒူးရပ်စ်ရဲ့ အစိုးရကြွေးမြီဟာ ဒေါ်လာ ၁၇ ဘီလီယံခန့် ရှိနေပါတယ်။

သမ္မတသစ် ကျမ်းကျိန်ပွဲကိုတော့ တရားသူကြီး ကာလာ ရိုမီရိုရဲ့ ရှေ့မှာ ကျမ်းကျိန်ခဲ့တာဖြစ်ပြီး ကွန်ဂရက် ဥက္ကဋ္ဌအဖြစ် ကက်စ်ထရို ရွေးချယ်ထားတဲ့ လူးဝစ် ရီဒွန်ဒိုလည်း တက်ရောက်ခဲ့ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းကျိန်ပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေထဲမှာ အမေရိကန်ဒုသမ္မတ ကမ်မာလာ ဟားရစ်၊ စပိန်ဘုရင် ဖိလစ်ပီ နဲ့ ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင် တို့ ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly