ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကြောင့် တာလီဘန်တို့ အခက်အခဲ ဖြစ်နေ

By Jionews
28 January 2022
ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကြောင့် တာလီဘန်တို့ အခက်အခဲ ဖြစ်နေ

အာဖဂန်နစ္စတန်၏ တာလီဘန်ဦးဆောင်သော အစိုးရသည် လက်ရှိအချိန်တွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး အစိုးရဌာန ရာထူးနေရာများရှိ အရာရှိများသည် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်အရည်အချင်းများ မရှိဘဲ ဖြစ်နေကြောင်း Tolo News က ဇန်နဝါရီ ၁၅ ရက်တွင် ဖော်ပြသည်။

"ရွေးချယ်ခန့်အပ်ထားသူအများအပြားဟာ ပါကစ္စတန်ရဲ့ သက်တမ်းအကြာဆုံးနဲ့ အကြီးဆုံး အစ္စလမ္မစ် ကျမ်းစာသင်ကျောင်းတစ်ခုဖြစ်တဲ့ ဒါရူလ် အူလွန်းမ် ဟက်ကာနီယာ ဘာသာရေးကျောင်းကနေ ကျောင်းပြီးထားသူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလအတွင်း ပါကစ္စတန်မှာ တိတ်တဆိတ် နေထိုင်ခဲ့ကြသူတွေနဲ့ တိုက်ခိုက်ရေးသမားဟောင်းတွေကို ချီးမြှင့်တဲ့အနေနဲ့ အစိုးရအလုပ်နေရာတွေ ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာ သက်ဆိုင်ရာ အလုပ်နေရာအတွက် လိုအပ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေ မဟုတ်ကြပါဘူး" ဟု New York Times ၏ သတင်းဖော်ပြချက်တစ်ခု၌ ဖော်ပြထားသည်ကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

အဆိုပါသတင်းကို တာလီဘန်တို့ ပယ်ချသွားခဲ့သည်။

"အစ္စလမ္မစ် စော်ဘွားနွယ်နိုင်ငံရဲ့ အစိုးရဟာ ဝန်ထမ်းရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ် ဆိုပြီး ဖော်ပြထားတဲ့ နယူးယော့ခ်တိုင်းမ်ရဲ့ ဖော်ပြချက်ကို ကျွန်တော်တို့ဘက်က လက်မခံဘဲ ငြင်းချင်ပါတယ်" ဟု တာလီဘန်အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဘီလယ် ကာရီမီက ပြောကြားကြောင်း Tolo News က ဖော်ပြသည်။

ဝန်ထမ်းပြဿနာများက ယခင်အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သလို အာဖဂန်နစ္စတန်၏ ကျွမ်းကျင်အရည်အချင်းများကို ပြည်ပသို့ စီးထွက်စေရန် နိုင်ငံခြားသားတို့ ကြံစည်ခဲ့မှုနှင့် သက်ဆိုင်နေကြောင်း တာလီဘန်တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဝါဟီဒူလာ ဟက်ရှီမီက ပြောသည်။ ဝါဟီဒူလာသည် အစ္စလမ္မစ် စော်ဘွားနွယ်နိုင်ငံ၌ တပ်ဖွဲ့ဝင်များ လေ့ကျင့်ပညာပေးရေးဆိုင်ရာ တာလီဘန်ကောင်စီ၏ အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

"နိုင်ငံခြားသားတွေက အာဖဂန်တွေကို ရည်ရွယ်ချက်ရှိရှိ ရွှေ့ပြောင်းခေါ်ထုတ်သွားခဲ့တာပါ။ အထူးသဖြင့် ပညာတတ်ပြီး ကျွမ်းကျင်သူတွေကို အဓိကထား ခေါ်ထုတ်သွားတာပါ။ ဒါကတော့ အစ္စလမ္မစ်စော်ဘွားနွယ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ အစိုးရကို အားနည်းထိခိုက်စေဖို့ သူတို့ဘက်က ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်" ဟု ဟက်ရှီမီက ပြောကြားကြောင်း Tolo News က ကိုးကား ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly