ဥရောပရှိ လုံခြုံရေးကိရိယာများမှာ တရုတ်အစိုးရစစ်တပ်နှင့် ဆက်နွှယ်နေ

ဥရောပရှိ လုံခြုံရေးကိရိယာများမှာ တရုတ်အစိုးရစစ်တပ်နှင့် ဆက်နွှယ်နေ

ကမ္ဘာပေါ်ရှိ အရေးကြီးဆုံးနေရာအချို့တွင် တာဝန်ရှိသူများသည် တရုတ်စစ်တပ်နှင့် အာဏာရ ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းအဆင့်များနှင့် လေးနက်‌သော ဆက်ဆံရေးရှိသည့် တရုတ် ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော လုံခြုံရေးစစ်ဆေးမှုကိရိယာများကို တပ်ဆင်ထားကြသည်။

ဒါဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၊ ဥရောပ၏အကြီးဆုံးဆိပ်ကမ်းများ၊ အမ်စတာဒမ်မှစ၍အေသင်မြို့အထိ ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နေတိုးနယ်နိမိတ်ဒေသများရှိလေဆိပ်များသည် Nuctech မှ ထုတ်လုပ်သည့် စက်ပစ္စည်းများအပေါ် မှီခိုအားထားနေရပြီး Nuctech သည် ကုန်စည်နှင့် မော်တော်ယာဉ်များကိုစစ်ဆေးသည့် လုံခြုံရေးစစ်ဆေးစက် (scanner) များ ထုတ်လုပ်ခြင်းကြောင့် ဝင်ငွေအားဖြင့် လျင်မြန်စွာပင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီဖြစ်လာသည်။

Nuctech သည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုအကြောင်းပြချက်ဖြင့် အမေရိကန်တွင် နှစ်ပေါင်းများစွာ တားမြစ်ခံထားရသော်လည်း အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၂၆ နိုင်ငံတွင် အဆိုပါစက်ပစ္စည်းများကို တပ်ဆင်ထားခြင်းဖြင့် ဥရောပတစ်ဝှမ်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ကြောင်း Associated Press မှ ဆန်းစစ်ကြည့်ရှုထားသည့် ပြည်သူပိုင်ဝယ်ယူမှု၊ အစိုးရနှင့်ကော်ပိုရိတ်မှတ်တမ်းများအရ သိရသည်။

အနောက်တိုင်း လုံခြုံရေးအရာရှိများနှင့် မူဝါဒချမှတ်သူ အများအပြားက တရုတ်နိုင်ငံသည် အဓိကကျသည့် အချက်အလက်လွှဲပြောင်းသည့် နေရာများကို ဖျက်ဆီးရန် သို့မဟုတ် ၎င်း၏စက်ပစ္စည်းများမှတစ်ဆင့် အစိုးရ၊ စက်မှုလုပ်ငန်း သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တရားမဝင် ဝင်ရောက်ရန် Nuctech စက်ကိရိယာများအား အသုံးချမည်ကို စိုးရိမ်နေကြသည်။

“ဒီပစ္စည်းကိရိယာတွေက စီမံဆောင်ရွက်နေတဲ့ အချက်အလက်တွေက အရမ်းကိုထိရှလွယ်ပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်၊ စစ်ဘက်ဆိုင်ရာအချက်အလက်၊ ကုန်စည်အချက်အလက်တွေနဲ့ ကုန်သွယ်မှုလျှို့ဝှက်ချက်ချက်တွေလို ဒေတာတွေပါ။ မှန်ကန်တဲ့သူလက်ထဲမှာရှိရဲ့လားဆိုတာ သေချာစေချင်ပါတယ်။ ပထဝီနိုင်ငံရေးအရ ရန်သူဖြစ်ပြီး ဗျူဟာမြောက် ပြိုင်ဘက်ဖြစ်တဲ့ ပြည်ပနိုင်ငံကို ခင်ဗျားတို့က အားကိုးနေကြတာပဲ” ဟု ဥရောပပါလီမန်အဖွဲ့ဝင်မဖြစ်မီ နယ်သာလန် ကာကွယ်ရေး ဝန်ကြီးဌာန၌ ဆိုက်ဘာလုံခြုံရေးဒါရိုက်တာတာဝန်ထမ်းဆောင်သူ ဘာ့ဂရူးသူးစ်က ပြောကြားခဲ့သည်။

Nuctech က ထိုသို့ပြောဆိုမှုများကို ပယ်ချခဲ့ပြီး Nuctech ၏ ဥရောပလုပ်ငန်းဆောင်ရွက်မှုများသည် တင်းကျပ်သော လုံခြုံရေးစစ်ဆေးမှုများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်စည်းမျဉ်းများအပါအဝင် ဒေသတွင်းဥပဒေများကို လိုက်နာကြောင်း တုံ့ပြန်ခဲ့သည်။

လူများ၊ ခရီးဆောင်အိတ်များနှင့် ကုန်ပစ္စည်းများကို စကင်ဖတ်ခြင်းစနစ်များအပြင် ကုမ္ပဏီသည် ဖောက်ခွဲရေးပစ္စည်းများကို ထောက်လှမ်းသည့်ကိရိယာများ၊ မျက်နှာပုံပန်းသဏ္ဍာန်၊ ခန္ဓာကိုယ် အပူချိန်တိုင်းတာခြင်းနှင့် ID ကတ် သို့မဟုတ် လက်မှတ်များကို စစ်ဆေးနိုင်သော ကိရိယာများကိုလည်း ထုတ်လုပ်သည်။

နိုင်ငံတော်လုံခြုံရေးအေဂျင်စီများက တောင်းဆိုသည့်အချက်အလက်များကို တရုတ်ကုမ္ပဏီများက ပေးရမည်ဟု ပြဋ္ဌာန်းထားသည့် အမျိုးသားထောက်လှမ်းရေးဥပဒေအောက်တွင် Nuctech သည် ၎င်း၏စကင်နာပစ္စည်းများမှတစ်ဆင့် ကုန်စည်များ၊ လူများနှင့် စက်ပစ္စည်းများ၏ အရေးကြီး အချက်အလက်များကို လွှဲပြောင်းပေးရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ တောင်းဆိုချက်ကို မငြင်းဆိုနိုင်မည်ကိုလည်း ဝေဖန်သူများက စိုးရိမ်နေကြသည်။

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုစီးဆင်းမှုများဆိုင်ရာ အရေးကြီးအချက်အလက်များကို စုဆောင်းရန်၊ ပို့ဆောင်မှုတွင်ပါရှိသည့်ကုန်ပစ္စည်းစာရင်း သို့မဟုတ် ခရီးသည်အချက်အလက်များ၊ သို့မဟုတ် ပဋိပက္ခအတွင်း ကုန်သွယ်မှုစီးဆင်းမှုများကို ဖျက်ဆီးခြင်းကဲ့သို့သော ဒေသတွင်းကွန်ရက်များမှ အချက် အလက်များကို ရယူရန် တရုတ်အစိုးရသည်ဥရောပတစ်လွှားရှိ Nuctech ၏တည်ရှိမှုကို အသုံးချနိုင်သည့် အန္တရာယ်လည်းရှိကြောင်း ဝေဖန်သူများက ပြောသည်။

လန်ဒန်၊ အမ်စတာဒမ်၊ ဘရပ်ဆဲလ်၊ အေသင်၊ ဖလောရန့်စ်၊ ပီဆာ၊ ဗင်းနစ်၊ ဇူးရစ်၊ ဂျနီဗာတို့ရှိ လေဆိပ် များနှင့် စပိန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်ပေါင်း တစ်ဒါဇင်ကျော်သည် Nuctech စက်ကိရိယာများ၊ ဝယ်ယူရေးနှင့် အစိုးရစာရွက်စာတမ်းများဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း လုပ်ငန်းဆိုင်ရာ ကြေညာချက်များတွင် ဖော်ပြထားသည်။

အခြေခံအားဖြင့် Nuctech သည် တရုတ်အစိုးရ၊ ပညာရပ်နှင့် စစ်ရေးအကျိုးစီးပွားများနှင့် ဆက်စပ်နေသည်မှာ သိသာထင်ရှားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly