မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်မဖွင့်ပါက ချိပ်ပိတ်သိမ်းယူသည့်အထိ အရေးယူသွားမည်ဟုစစ်‌ကောင်စီ လိုက်လံကြေညာ

မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်မဖွင့်ပါက ချိပ်ပိတ်သိမ်းယူသည့်အထိ အရေးယူသွားမည်ဟုစစ်‌ကောင်စီ လိုက်လံကြေညာ

ဇန်နဝါရီလ ၂၇ ရက်

မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဖွင့်သည့်စျေးဆိုင်များအား ချိပ်ပိတ်သိမ်းယူသည်အထိအရေးယူသွားမည်ဟု စစ်ကောင်စီက ယနေ့တွင်လိုက်လံအသိပေးကြေညာနေကြောင်း မန္တလေးမြို့ကစျေးဆိုင်စီးပွားရေးလုပ်ငန်းအသိုက်အ၀န်းထံမှသိရသည်။

“၁ ရက်နေ့ဆိုင်တွေမပိတ်ဖို့လိုက်ပြောတယ်၊ ကျွန်တော်တို့ဆိုင်ထဲလည်း၀င်လာပြီးပြောတယ်၊ ဆိုင်ပိတ်ရဲပိတ်ကြည့် ချိပ်ပိတ်မယ်တဲ့၊ ဒီမှာတွေ့လား ဒါလောလောဆယ်အရေးယူထားတဲ့ဆိုင်တွေဆိုပြီးစာရွက်(လက်ကမ်းကြော်ငြာ)တွေပြတယ်၊ ဒေါနဲ့မောနဲ့ကိုပြောသွားတာ” ဟု အီလက်ထရောနစ်ကုန်မာပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ ၀န်ထမ်းတစ်ဦးကပြောသည်။ 

မန္တလေးမြို့က မိုဘိုင်းဖုန်းအရောင်းဆိုင်များ၊ အိမ်ဆိုင်နှင့်စတိုးဆိုင်များ၊ စားသောက်ဆိုင်များအနေနှင့် ပုံမှန်ပိတ်ရက်များမှအပ၊ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချရန် လှည့်လည်အသိပေးကြေညာနေခြင်းဖြစ်ကြောင်းသိရပြီး၊ တစ်ဖွဲ့လျှင်ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှနှစ်ဦးနှင့်စစ်သားသုံးဦးပါ၀င်ကြောင်း ၎င်းတို့ကဆိုသည်။ 

“မနက်က စည်ပင်ကလာဝေတာကသပ်သပ်၊ အခုနေ့လယ်ခင်းလိုက်ပြောနေတဲ့စစ်သားအုပ်စုကသပ်သပ်၊ တစ်မျိုးဆီပြောနေကြတယ်၊ အဓိကကတော့ Silent Strike မှာမပါဖို့ ၊ ပါရင်စည်ပင်ကလည်းတည်ဆဲဥပဒေတဲ့၊ အခုလာတဲ့စစ်သားအုပ်စုကကျတော့ ဆိုင်သိမ်းမယ်တဲ့၊ စာလာဝေတာပျူစောထီးတွေပါပါတယ်” ဟု ရေနီမြောင်းစျေးအနီးနေထိုင်သူစျေးသည်တစ်ဦးကပြောသည်။ 

လာမည့်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်သည့်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ကြရန် စစ်အာဏာရှင်တော်လှန်ရေးအင်အား စုများက ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းကနှိုးဆော်ထားသည်။ 

စစ်ကောင်စီဘက်က အသံတိတ်သပိတ်တွင်ပြည်သူများမပါ၀င်ကြရန်  ခြိမ်းခြောက်ကြေညာခြင်း၊ အသိပေးချက်ထုတ်ပြန်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ပြုလုပ်နေပြီး နှစ်ရှည်ထောင်ဒဏ်အပြင်ပစ္စည်းသိမ်းယူနိုင်သည့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါအရေးယူရန်စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required