အီမာဆင်အစား ဧရာဝတီအသင်း နည်းစနစ်ဒါရိုက်တာ မာယန်အား ခေါ်ယူရန် ရန်ကုန်အသင်း ညှိနှိုင်း

အီမာဆင်အစား ဧရာဝတီအသင်း နည်းစနစ်ဒါရိုက်တာ မာယန်အား ခေါ်ယူရန် ရန်ကုန်အသင်း ညှိနှိုင်း
ဧရာဝတီအသင်း နည်းစနစ်ဒါရိုက်တာ မာယန်အား တွေ့ရစဉ် (ဓာတ်ပုံ-AUFC)

ဇန်နဝါရီ ၁၂၊ ရန်ကုန်။              ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် အသင်းနှင့် လမ်းခွဲခဲ့သော နည်းပြချုပ် အီမာဆင်အစား ဧရာဝတီအသင်းနည်းစနစ်ဒါရိုက်တာ မာယန်အား ခေါ်ယူရန် ညှိနှိုင်းလျက်ရှိသည် ဟု ရန်ကုန်အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

ရန်ကုန်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် မနောမြေအသင်းမှ အသစ်ခေါ်ယူထားသော ဘရာဇီးနည်းပြ အီမာဆင်အား လိဂ်အဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့်ပွဲ၌ ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် သူ၏စွမ်းဆောင်ရည်ကို မနှစ်သက်သည့်အတွက် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။

“ အီမာဆင်ကို သူရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အသင်းကရော ပရိသတ်တွေကရော မနှစ်သက်တဲ့အတွက် နှစ်ဦးသဘောတူလမ်းခွဲခဲ့တာပါ။ သူ့နေရာအတွက် ဧရာဝတီအသင်းက မာယန်ကို ညှိနှိုင်းထားပါတယ်။ သေချာပေါက်တော့ မဟုတ်သေးပါဘူး။ မနက်ဖြန်လောက်တော့ အတိအကျသိရမှာပါ။ သေချာတာနဲ့ သတင်းထုတ်ပြန်ပေးပါမယ်။ အသင်းကို အကောင်းဆုံးဖြစ်အောင်    ပြန်လည်ပြင်ဆင်သွားမှာပါ ” ဟု ဦးမြင့်သိန်းက အသင်း၏နည်းပြသစ်ခန့်အပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ပြောသည်။

ဧရာဝတီအသင်းနည်းစနစ်ဒါရိုက်တာ မာယန်သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဧရာဝတီအသင်းအား ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး AFC Cup ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့သော်လည်း ယခုနှစ်ရာသီတွင် နည်းစနစ်ဒါရိုက်တာရာထူး ပြောင်းလဲခန့်အပ်ခဲ့သည့်အတွက် အသင်းနှင့် အဆင်မပြေဖြစ်လျက်ရှိသည်။

ရန်ကုန်အသင်းသည် လာမည့်ပွဲစဉ်များအဖြစ် ဇန်နဝါရီ ၁၆ ရက်တွင် ဟံသာဝတီအသင်းနှင့် လိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည့် အပြင် ဖေဖော်ဝါရီ ၂ ရက်တွင် AFC ချန်ပီယံလိဂ်ဝင်ခွင့် ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly