မန္တလေးမြို့တွင် ရာအိမ်မှူး လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရ၊ ဇနီးဖြစ်သူ ပွဲချင်းပြီးသေဆုံး

မန္တလေးမြို့တွင် ရာအိမ်မှူး လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရ၊ ဇနီးဖြစ်သူ ပွဲချင်းပြီးသေဆုံး

ဇန်နဝါရီ ၂၆

မန္တလေးမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ရပ်ကွက် ရာအိမ်မှူး လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး၊ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“မြို့သစ် (၅) ရပ်ကွက်ထဲက ရပ်ကွက်လူကြီးနဲ့ သူ့မိန်းမ အပစ်ခံရတာပါ၊ လင်မယား နှစ်ယောက် ဈေးကနေ ပြန်လာတာကို ကျောင်းရှေ့မှာ သေနတ်နဲ့ ပစ်ခံရတာပါ၊ သူ့မိန်းမက ပွဲချင်းပြီး သေတယ်၊ သူ့ကိုတော့ ဆေးရုံကားနဲ့ ခေါ်သွားတာ တွေ့တယ်” ဟု အခင်းဖြစ်စဉ်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက် ရာအိမ်မှူး ဦးလှမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဦး တို့သည် ယနေ့ နံနက် ၈ နာရီခွဲဝန်းကျင်က ဈေးမှနေအိမ်သို့ ပြန်လာစဉ် ၁၁၁ လမ်း၊ ၆၉ လမ်းနှင့် လမ်း ၇၀ ကြား၊ အမက (၁၆) ကျောင်းရှေ့တွင် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး ဦးလှမြင့် လည်ပင်း ထိမှန် ဒဏ်ရာရခဲ့ပြီး၊ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဦးသည် ဝမ်းဗိုက် ဖောက်ထွက် ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူ ဒေါ်ခင်မျိုးဦးသည် စစ်တပ်အရာရှိ တစ်ဦး၏ မိခင်ဖြစ်ကြောင်း ၎င်းတို့ မိသားစုသည် မကြာခဏ ခြိမ်းခြောက်စာ ပို့ခံထားရကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly