ထိုင်းနဲ့ ဆော်ဒီအကြား သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထားရှိ

ထိုင်းနဲ့ ဆော်ဒီအကြား သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထားရှိ
Photo - Saudi Crown Prince Mohammed Bin Salman (right) meets with Thai PM Prayut Chan-O-Cha in Riyadh Tuesday. AFP

ဇန်နဝါရီ ၂၆

ထိုင်းနဲ့ ဆော်ဒီအာရေးဗျနိုင်ငံအကြား ပုံမှန်သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစုကျော်အကြာက ဆော်ဒီနန်းတော်တစ်ခုကနေ ရတနာတွေ ခိုးယူခံရမှုနဲ့ပတ်သက်လို့ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားခဲ့ပြီး အေးစက်နေခဲ့ပြီးနောက် ယခုအခါမှာတော့ ပုံမှန်သံတမန်ဆက်ဆံရေး ပြန်စဖို့ ကြေညာခဲ့ကြတာဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်က ထိုင်းနိုင်ငံသားတစ်ဦးဖြစ်တဲ့ ကရီယန်ကရိုင် တေချမွန်းဟာ ဆော်ဒီမင်းသားတစ်ပါးရဲ့ အိမ်ကနေ ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ အဖိုးတန် ကျောက်မျက်ရတနာတွေ ခိုးယူခဲ့မှု နောက်မှာ  ဘန်ကောက်မှာ လူသတ်ခံရတာတွေ ဖြစ်ခဲ့ပြီး "စိန်ပြာ အရေးကိစ္စ" ရယ်လို့ အမည်တပ်ခံရတဲ့ ပြဿနာတစ်ခု နှစ်နိုင်ငံအကြား ပေါ်ပေါက်ခဲ့ပါတယ်။

ယခုအခါမှာတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ ရီယက်ဒ် ခရီးစဉ်အတွင်း "အပြည့်အဝ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ကြောင်း" ကို နှစ်နိုင်ငံစလုံးက ကြေညာခဲ့တာဖြစ်ပါတယ်။

"ဒါကတော့ နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် မတူညီတဲ့လယ်ဗယ်အသီးသီးမှာ ကာလကြာ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့တာရဲ့ ရလဒ်ဖြစ်ပါတယ်" လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆော်လ်မန်တို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံစလုံးဟာ မကြာခင်မှာ သံအမတ်ကြီးတွေ ခန့်အပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကို လေယာဉ်ခရီးစဉ်တွေ မေလထဲ ပြန်စသွားမယ်လို့ ဆော်ဒီ လေကြောင်းလိုင်းက ကြေညာပါတယ်။

ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေ အပါအဝင် ကျွမ်းကျင်လုပ်သား ၈ သန်းလောက် ရဖို့ ကြိုးပမ်းနေတယ်လို့ ဆော်ဒီဘက်က ထုတ်ဖော်ခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

အဆိုပါ လုပ်သားလိုအပ်ချက်ကို ကူညီဖြည့်ဆည်းဖို့အတွက် ကျွမ်းကျင်လုပ်သားတွေ ပို့ဆောင်နိုင်ဖို့ အသင့်ရှိနေတယ်လို့ ထိုင်းဘက်ကလည်း ထုတ်ဖော်ထားကြောင်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်ခ်က ပြောပါတယ်။

ထိုင်းအစိုးရဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ခရီးသွားလုပ်ငန်းကို အကျိုးဖြစ်ထွန်းစေဖို့ တစိတ်တပိုင်းအနေနဲ့ ဆော်ဒီနဲ့အကြား ပုံမှန်ဆက်ဆံရေး ပြန်ထားရှိဖို့ ထပ်တလဲလဲ ကြိုးပမ်းထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly