ငြိမ်းချမ်းရေးပေါ် မူတည်ကာ စစ်ကောင်စီအား အာဆီယံ အစည်းအဝေး ဖိတ်ကြားထားဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော 

ငြိမ်းချမ်းရေးပေါ် မူတည်ကာ စစ်ကောင်စီအား အာဆီယံ အစည်းအဝေး ဖိတ်ကြားထားဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော 
Photo - REUTERS

ဇန်နဝါရီလ ၂၅ ရက်

ပြီးခဲ့သည့်နှစ်က သဘောတူခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်၌ တိုးတက်မှုများ ဖော်ဆောင်နိုင်သည့် အခြေအနေပေါ် မူတည်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အစည်းအဝေးသို့ မြန်မာစစ်ကောင်စီအား ဖိတ်ကြားထားသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချု်ပ ဟွန်ဆန်က အင်္ဂါနေ့တွင် ပြောသည်။ 

လက်ရှိ အာဆီယံ ဥက္ကဋ္ဌဖြစ်သည် ဟွန်ဆန်က စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်နှင့် ဗီဒီယိုတွေ့ဆုံမှုမှတစ်ဆင့် ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးပြောဆိုသွားမည်ဟု ဆိုပြီး ယခုလအစောပိုင်း ၎င်းတို့နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီးနောက်တွင် ဖြုတ်ချခံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်များ ချမှတ်ထားသကဲ့သို့ စစ်ဆင်ရေးများတွင်လည်း စစ်လေယာဉ်များ ဖြန့်ကြက်ထားကြောင်းကိုပါ မှတ်ချက်ပြု ပြောဆိုခဲ့သည်။ 

မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ရန်လိုတိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ဆွေးနွေးပွဲများကို ခွင့်ပြုပေးရေး အပါအဝင်ဖြစ်သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် အာဆီယံသည် အံ့အားသင့်စရာ ဆောင်ရွက်မှုအဖြစ် အရေးကြီးသော အစည်းအဝေးများသို့ စစ်ကောင်စီအား တက်ရောက်နိုင်ခြင်းမရှိအောင် တားမြစ်ခဲ့ခြင်း ဖြစ်သည်။ 

“တညီတညွတ်တည်း သဘောတူထားခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်သည့် တိုးတက်မှု ရှိလျှင် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မင်းအောင်လှိုင်အား ဖိတ်ကြားခဲ့သည်ဟု ဟွန်ဆန်က ပြောကြောင်း” ဟွန်ဆန်၏ ဖေ့ဘုတ်စာမျက်နှာတွင် မလေးရှားဝန်ကြီးချုပ်နှင့် အင်္ဂါနေ့က ဖုန်းပြောဆိုမှုအကြောင်း အကျဉ်းချုပ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

“အကယ်၍ ထိုသို့ တိုးတက်မှု မရှိခဲ့ပါလျှင် သူ့အနေဖြင့် (မြန်မာနိုင်ငံမှ) နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူကိုသာ အာဆီယံအစည်းအဝေးများသို့ တက်ရောက်ဖြစ်စေမည်”ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ကမ္ဘောဒီးယားအနေဖြင့် စစ်ကောင်စီအား သီးခြားခွဲထားလိုခြင်း မရှိကြောင်းကို ထုတ်ဖော်ပြသထားသော်လည်း ဟွန်ဆန်အနေဖြင့် ဘုံသဘောတူညီချက် ငါးရပ်ကို အပွန်းအပဲ့မခံသော မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့ အပါအဝင်ဖြစ်သည့် အာဆီယံခေါင်းဆောင်အချို့၏ ဖိအားပေးခြင်းများနှင့် ယခုလအတွင်း ရင်ဆိုင်လာရသည်။ 

ဟွန်ဆန်၏ ဇန်နဝါရီ ၇ ရက်က မြန်မာခရီးစဉ်ကြောင့် စစ်ဗိုလ်ချုပ်ကြီးများကို အာဆီယံက အသိအမှတ်ပြုသည်ဟု အဓိပ္ပာယ် ကောက်ယူသွားမည်ကို စိုးရိမ်မိကြသည့် အချို့သော နိုင်ငံများအတွက် ထိလွယ်ရှလွယ်အရေးကိစ္စရပ် ဖြစ်ခဲ့ရသည်။ 

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်တွင် ထိုးစစ်များ ရပ်တန့်ရေး၊ လူသားချင်းစာနာမှု တုံ့ပြန်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် ပဋိပက္ခအတွင်းက ဆိုင်ရာအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပြုရေးတို့လည်း ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required