အာဆီယံအစည်းအဝေးများ၌ စစ်ကောင်စီကို မဖိတ်ရေး ရပ်တည်ချက် မလေးရှား ဆက်လက်ကိုင်ဆွဲ

အာဆီယံအစည်းအဝေးများ၌ စစ်ကောင်စီကို မဖိတ်ရေး ရပ်တည်ချက် မလေးရှား ဆက်လက်ကိုင်ဆွဲ
Photo - Bernama

ဇန်နဝါရီလ ၂၅ ရက်

အာဆီယံ ဘုံသဘောတူညီချက်ငါးချက် ဖော်ဆောင်ရာတွင် အမှန်တကယ် တိုးတက်မှု မရှိသရွေ့ အာဆီယံအစည်းအဝေးများ၌ မြန်မာစစ်ကောင်စီကို မဖိတ်ရန် မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီက ပြောကြားလိုက်သည်။

ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိပါက အာဆီယံအဆင့်မြင့်လယ်ဗယ် အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးရာထူး ရယူထားသူ မဟုတ်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရေး ရပ်တည်ချက်ကို မလေးရှားအနေဖြင့် ဆက်လက်ကိုင်ဆွဲထားသည်ဟု ပြောသည်။

မလေးရှားဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗီဒီယိုကွန်းဖရင့် အစည်းအဝေးတစ်ခုအတွင်း အထက်ပါအတိုင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ ပြင်းထန်မှု လျော့စဲစေရေး နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းရန် အရေးတကြီးလိုအပ်နေကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် မြန်မာပြည်သူများ၏ အကျိုးတရားအတွက် သက်ဆိုင်သူအားလုံးအကြား နိုင်ငံရေးအရ အားလုံးပါဝင် ဆွေးနွေးရေး ၎င်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ရေး မလေးရှားဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းကို ခန့်အပ်မှုကို မလေးရှားအနေဖြင့် ထောက်ခံကြောင်း ပြောခဲ့ပြီး အထူးသံတမန်အနေဖြင့် မြန်မာပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းတစ်ခု ရှာဖွေရန်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်ခွင့် ရရှိရန် လိုကြောင်း ၎င်းက အလေးပေးပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required