သူလျှိုလုပ်မှုစွဲချက်ဖြင့် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံသားကို ဖမ်းဆီးထား

သူလျှိုလုပ်မှုစွဲချက်ဖြင့် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံသားကို ဖမ်းဆီးထား

ပြုံယမ်း၊ ဇန်နဝါရီ - ၁၂ ။             ။ ဗာဂျီးနီးယားပြည်နယ် ဖဲဖက်စ်တွင် နေထိုင်သွားခဲ့သည်ဟု သိရှိရသည့် ၆၂နှစ်အရွယ် ကင်ဒုန်ချယ်ကို မြောက်ကိုရီးယားက သူလျိုလုပ်မှုစွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု စီအင်အင်သတင်းတွင် ဖော်ပြခဲ့သည်။

‘ကျနော့ကို ကယ်တင်ဖို့ အမေရိကန်ရော၊ တောင်ကိုရီးယားအစိုးရကိုပါ တောင်းဆိုပါတယ်’ဟု ကင်က စီအင်အင်သို့ ပြောကြားခဲ့သည်။ ကင်အားဖမ်းဆီးမှုကို နိုင်ငံပိုင် (သို့မဟုတ်) အခြားမီဒီယာတစ်ခုခုသို့ သတင်းပို့လာခြင်းမရှိခဲ့သောကြောင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ ရှားပါးသည်ဟု စီအင်အင် သတင်းထောက် ဝီး ရစ်ပလေးက ပြောကြားခဲ့သည်။

ကင်ကို တောင်ကိုရီးယားတွင် မွေးဖွားခဲ့ပြီး၊ နောက်ပိုင်းတွင် အမေရိကန်သို့ ပြောင်းရွှေ့သွားခဲ့သော်လည်း နောက်ဆုံးဆယ်စုနှစ်တွင်မူ တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားဧည့်သည်များကို ဖမ်းဆီးသည်မှာ အထူးအဆန်းတော့မဟုတ်ပါ။ အထီးကျန် ဧကစာကျင့်နေသည့် နိုင်ငံမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင်း သူလျှိုလုပ်မှုစွဲချက်ဖြင့် အမေရိကန်နိုင်ငံသား နှစ်ယောက်သုံးယောက်ကို ဖမ်းဆီးထားခဲ့သည်။

တနင်္ဂနွေနေ့က အမေရိကန်က B-52 ဗုံးကြဲလေယာဉ်ကို တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့သည်။ ဗုံးကြဲလေယာဉ်ကို တောင်ကိုရီးယားလေယာဉ်များက ခြံရံလိုက်ပါလာရာ မြောက်ကိုရီးယားကို နှစ်နိုင်ငံ တညီတညွတ်တည်း ဆန့်ကျင်မည်ဆိုသည့် စည်းလုံးမှုကို ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဗုံး၏ ပေါက်ကွဲအားနှင့်ပတ်သက်၍ အငြင်းပွားနေသော်လည်း မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် အမေရိကန် ဗုံးကြဲလေယာဉ်ပျံသန်းမှု ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly