ရာသီဥတုပြောင်းလဲမှုပြဿနာနှင့် ပတ်သက်၍ အိန္ဒိယ၏ အစီအစဉ်များကို ဝန်ကြီးချုပ်မိုဒီက ကမ္ဘာ့စီးပွားရေးဖိုရမ်အစီအစဉ်တွင် ပြောကြား

ရာသီဥတုပြောင်းလဲမှုပြဿနာနှင့် ပတ်သက်၍ အိန္ဒိယ၏ အစီအစဉ်များကို ဝန်ကြီးချုပ်မိုဒီက ကမ္ဘာ့စီးပွားရေးဖိုရမ်အစီအစဉ်တွင် ပြောကြား

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုပြဿနာအတွက် အိန္ဒိယ၏ ကတိကဝတ်များကို ဖော်ပြထားသည့် P3 (ကမ္ဘာမြေအတွက် ပြည်သူများ Pro-Planet People) အစီအစဉ်ကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ Davos Agenda 2022 တွင် အသိပေးပြောကြားလိုက်သည်။

ပြည်သူတို့၏ နေထိုင်မှုဘဝပုံစံသည် ရာသီဥတုပြဿနာနှင့် ဆက်စပ်နေသည့် စိန်ခေါ်မှုများကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

“စွန့်ပစ်ပစ္စည်းများဆိုင်ရာ အလေ့အထနဲ့ အမြောက်အများ ဝယ်ယူအသုံးပြုမှုတွေက ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားစေပါတယ်။ လက်ရှိ ပုံစံဖြစ်တဲ့ ‘ရယူ-ပြုလုပ်-အသုံးပြု-စွန့်ပစ်’ စီးပွားရေး ပုံစံကနေ စက်ဝန်းပုံစံ စီးပွားရေးကို အမြန်ဆုံး ပြောင်းသင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အိန္ဒိယအနေဖြင့် လက်ရှိအချိန်နှင့် လာမည့် ၂၅ နှစ်အတွက် ရည်မှန်းချက်များနှင့် ပတ်သက်၍ မူဝါဒများချမှတ်ခြင်း၊ ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းလည်း ဝန်ကြီးချုပ်က အလေးထားပြောကြားခဲ့သည်။

“အိန္ဒိယအနေနဲ့ လက်ရှိကာလမှာ ကြွယ်ဝပေါများပြီး မြင့်မားတဲ့ တိုးတက်မှုအတွက် ရည်မှန်းချက်များ ထားရှိပါတယ်။ ယခုတိုးတက်မှုကာလဟာ အစိမ်းရောင်နဲ့ သန့်ရှင်းစင်ကြယ်ပြီး ရေရှည်ဖွံ့ဖြိုးမှုနဲ့ စိတ်ချယုံကြည်ရမှုရှိလာပါလိမ့်မယ်။ ကြီးမားတဲ့ ကတိကဝတ်များကို ဆက်လက်အကောင်အထည် ဖော်ခြင်းနဲ့ တစ်ကမ္ဘာလုံး ကောင်းမွန်စေရေးအတွက် ၂၀၇၀ ပြည့်နှစ်မတိုင်မီမှာ ကာဗွန်အသားတင်ပမာဏ သုံညအဆင့်သို့ ရောက်ရှိရေးကို သတ်မှတ်ထားပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။

အိန္ဒိယ၏ ရာသီဥတုပြောင်းလဲခြင်း ပြဿနာ ဖြေရှင်းရေးကတိကဝတ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် မိုဒီက ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်းရှိသော အိန္ဒိယအနေဖြင့် ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုတွင် ၅ ရာခိုင်နှုန်းသာ ပါဝင်နေသလို ရာသီဥတုပြောင်းလဲသည့်ပြဿနာ အခက်အခဲကို ဖြေရှင်းရန် ကတိကဝတ်ကိုလည်း ၁၀၀ ရာခိုင်နှုန်း ပြုထားကြောင်း ပြောကြားသည်။

အိန္ဒိယက ၂၀၇၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု အသားတင်တန်ဖိုး သုံညသို့ ရောက်ရှိရန် သတ်မှတ်ထားကြောင်း အိုင်ယာလန်နိုင်ငံ ဂလက်စဂိုးမြို့တွင် ပြုလုပ်ခဲ့သည့် COP 26 အစည်းအဝေးတွင်လည်း ဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။

ထို့ပြင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ နို်ငငံအဆင့် ရည်မှန်းထားသည့်လုပ်ကိုင်ဆောင်ရွက်ရန် ကိစ္စများ (INDCs) ကိုလည်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၏ ကတိကဝတ်အသစ်တွင် တွင်းထွက်လောင်စာရင်းမြစ်များမှ မဟုတ်သော စွမ်းအင်လိုအပ်ချက်များ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၅၀၀ ဂဂ္ဂါဝပ်ကို တိုးမြှင့်ထုတ်လုပ်ရန် ပါဝင်သည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပခဲ့သည့် COP 21 တွင်လည်း အိန္ဒိယက အလားတူ ရည်မှန်းချက် ကြီးမားသည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့သလို ၂၀၀၅ ခုနှစ်တွင် ထုတ်လွှတ်ခဲ့သည့် ကာဗွန်ပမာဏထက် ၃၃-၃၅ ရာခိုင်နှုန်းအထိကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ လျှော့ချသွားရန် ပါဝင်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၀၀ ဂဂ္ဂါဝပ်ကို ထုတ်လုပ်ထားကြောင်း ဆန်းသစ်၍ ပြန်လည်ဖွံ့ဖြိုးရေး စွမ်းအင်ဆိုင်ရာ ဝန်ကြီးဌာနက ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်မတိုင်မီ ရရှိရန် ရည်မှန်းထားသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၇၅ ဂဂ္ဂါဝပ်၏ ၃ ပုံ ၂ ပုံကိုသာ အကောင်အထည်ဖော်မည့် အခြေအနေတွင်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required