နျူကလီးယားသဘောတူညီချက်အတွက် အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမယ်ဟု အီရန် ပြော 

နျူကလီးယားသဘောတူညီချက်အတွက် အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမယ်ဟု အီရန် ပြော 
Photo - AFP

ဇန်နဝါရီ ၂၅

၂၀၁၅ နျူကလီးယား ပဋိဉာဉ်ကို ပြန်လည်အသက်သွင်းနိုင်ရေးမှာ ‘ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ရပ်’ လိုအပ်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ စဉ်းစားသွားမှာဖြစ်တယ်လို့ အီရန်နိုင်ငံက ဗီယင်နာမှာ ပြုလုပ်ဆဲ စေ့စပ်ညှိနှိုင်းမှုအတွင်း တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။ 

အီရန်၊ အမေရိကန်၊ တရုတ်၊ ရုရှ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ကြား ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီမှုအရ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး အပြန်အလှန်အားဖြင့် အီရန်နိုင်ငံက ၎င်းရဲ့ နျူကလီးယား စိမံကိန်းကို လျှော့ချပစ်ရတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ အမေရိကန်ဟာ ၂၀၁၈ ခုနှစ်မှာ ဒီ သဘောတူညီချက်ကနေ တစ်ဖက်သတ် နုတ်ထွက်သွားခဲ့ပြီး အီရန်အပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အီရန်ကလည်း သဘောတူညီချက်ပါ ကတိကဝတ်တွေကို ဖြေလျှော့လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်မှာတော့ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် အီရန်နိုင်ငံနဲ့ ပါရှိဆဲနိုင်ငံတွေဟာ ဗီယင်နာမှာ ဆွေးနွေးပွဲတွေ စတင်လာခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုတွေမှာ အမေရိကန်က ဘေးပန်းကနေသာ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

“အီရန်ဟာ ခုထက်ထိ အမေရိကန်နဲ့ တိုက်ရိုက်ပြောဆိုတာ မရှိသေးဘူး”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီယာ အဗ္ဗဒူလာဟွန်းက ရုပ်သံထုတ်လွှင့်မှုမှာ ပြောပါတယ်။ 

“ဒါပေမဲ့ စေ့စပ်ညှိနှိုင်းမှုအတွင်းမှာ အမေရိကန်က အဆင့်တစ်ခုကနေ ပါဝင်ဆွေးနွေးလာဖို့ လိုအပ်တဲ့ အာမခံချက် အပြည့်ပေးတဲ့ သဘောတူညီချက်တစ်ရပ် ဖော်ဆောင်ရေးကိုတော့ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်မယ့်အထဲမှာ ဒါကို မျက်ကွယ် မပြုထားပါ”လို့ သူက ဖြည့်စွက်ဆိုပါတယ်။ 

“အခု ကျွန်တော်တို့ တိုက်ခိုက်ဆွေးနွေးပြောဆိုနေတာကတော့ P4+1 နဲ့ပဲ ဖြစ်ပါတယ်”ဆိုပြီး ဂျာမနီအပြင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်၊ တရုတ်၊ ဗြိတိန်နဲ့ ရုရှနိုင်ငံတွေကို ရည်ညွှန်းပြီး သူက ပြောပါတယ်။ 

“ပြီးတော့ အမေရိကန်နဲ့ ကြားခံကနေ စေ့စပ်ညှနှိုင်းနေတာမှာ အီးယူသံတမန် မိုရာနဲ့ ဗီယင်နာဆွေးနွေးပွဲတွေမှာ ပါဝင်တဲ့ အခြား နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံက ကိုယ်စားပြုသူတွေဆီကနေ ကြားခံဆက်သွယ် ညှိနှိုင်းနေတာပဲ ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly