ဆွဲကြိုးမြိုချသည့် အလစ်သုတ်သမားကို အိန္ဒိယရဲများက ငှက်ပျောသီးများကျွေးကာ ဆွဲကြိုး ပြန်ရအောင် ထုတ်ယူ

ဆွဲကြိုးမြိုချသည့် အလစ်သုတ်သမားကို အိန္ဒိယရဲများက ငှက်ပျောသီးများကျွေးကာ ဆွဲကြိုး ပြန်ရအောင် ထုတ်ယူ

နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ။           ။ ရွှေဆွဲကြိုးဖြတ်ကာ လုပြေးပြီး မြိုချလိုက်သည့် အလစ်သုတ်သမားကို အိန္ဒိယရဲများက သာမန်နည်းစနစ် မသုံးဘဲ ငှက်ပျောသီးများ ကျွေးကာ ဆွဲကြိုးပြန်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မွမ်ဘိုင်းလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးဆီက ဆွဲကြိုးကို လုပြေးပြီး မြိုချလိုက်ခြင်းကို အလစ်သုတ်သမားက ငြင်းကွယ်နေရာ ပြန်လွှတ်ရမည်ကဲ့သို့ ရှိနေစဉ် ဆေးရုံတွင် ဓာတ်မှန်ရိုက်ကြည့်၍ ဝမ်းအတွင်း ဆွဲကြိုးကို တွေ့ရှိခြင်းဖြစ်သည်။

ရဲများက အလစ်သုတ်သမားကို ဝမ်းချုကာ ဆွဲကြိုးပြန်ရရေးလုပ်ဆောင်သော်လည်း မအောင်မြင်ပေ။ ဆရာဝန်များက အော်ပရေးရှင်းလုပ်ရန် အကြံပြုသော်လည်း ဈေးကြီးလွန်းသဖြင့် ရဲက ငြင်းလိုက်ပြီး အလစ်သုတ်သမားကို ငှက်ပျောသီးများ စကျွေးတော့ခြင်းဖြစ်သည်။

“တစ်နေ့တည်း သူ ငှက်ပျောသီး အလုံး ၄၀ ကျော်လောက် စားလိုက်ရတယ်။ နောက်ဆုံးတော့လည်း ဆွဲကြိုးကို ပြန်တွေ့ရတာပါပဲ။ သူ့ကို ဆေးခိုင်းပြီး ဆွဲကြိုးကို ပိုးသတ်ရတာပေါ့။”ဟု မွမ်ဘိုင်း ရဲထောက်လှမ်းရေးတာဝန်ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။

ဇန်နဝါရီ  ၈ ရက်က ၎င်းအလစ်သုတ်သမားအား တရားရုံးစွဲဆိုတင်ခဲ့ကာ ရဲအချုပ်ခန်းတွင် ချုပ်နှောင်ထားတော့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် အိန္ဒိယရဲများအတွက် ပထမဆုံး မဟုတ်ပေ။ ပြီးခဲ့သည့် နှစ် ဇူလိုင်လအတွင်းကလည်း ဆွဲကြိုးအလစ်သုတ်မြိုချသူကို ငှက်ပျောသီး နှစ်ဒါဇင်ကျော်နှင့် နွားနို့များတိုက်ပြီး ဆွဲကြိုးပြန်ရအောင်လုပ်ဆောင်ခဲ့ဖူးကြောင်း Hindustan Times က သတင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly