ဖလမ်းမြို့ရှိ ပညာရေးဝန်ထမ်းများအား ကာကွယ် ရေးတပ်ဖွဲ့မှ နောက်ဆုံးအကြိမ် သတိပေးချက်ထုတ်ပြန်

ဖလမ်းမြို့ရှိ ပညာရေးဝန်ထမ်းများအား ကာကွယ် ရေးတပ်ဖွဲ့မှ နောက်ဆုံးအကြိမ် သတိပေးချက်ထုတ်ပြန်

ဇန်နဝါရီလ ၂၄ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ပညာရေးဝန်ထမ်းများ စစ်ကျွန်ပညာရေးကို အသက်၀င်စေရန် တာ၀န်ထမ်းဆောင်ခြင်းမှ ချက်ချင်းရပ်ဆိုင်းရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေးလိုက်ကြောင်း ချင်းအမျိုး သားအဖွဲ့ချုပ်(CNO)နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တို့က ယမန်နေ့ကထုတ်ပြန်လိုက်သည်။ 

“ကျောင်းပြန်ဖွင့်နေဖို့ ကြိုးစားတာတွေ ကျောင်းသား၊ မိဘတွေကို ကလေးတွေကျောင်း တက်ခိုင်းဖို့ နှိုးဆော်တာတွေအပြင် အခုကျောင်းမတက်ရင် နောက် ဘယ်တော့မှ ဆယ်တန်းဖြေလို့မရဘူးဆိုတဲ့ ခြိမ်းခြောက်တာမျိုးတွေပါ လုပ်နေပါတယ်” ဟု CNDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၂၃ရက် ရက်စွဲဖြင့်ထုတ်ပြန်သော ထိုကြေညာချက်တွင် စစ်ကျွန် ပညာရေးအား ပါဝင်အကောင်အထည်ဖော်နေသည့် ခရိုင်ပညာရေးမှူး ဦးစီးအရာရှိနှင့် အထက်အရာရှိများ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုမြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများနှင့် ဆရာ၊ ဆရာမများအား စစ်‌ကျွန်ပညာရေးအား အထောက်အကူမပြုကြရန်သတိပေးထားသည်။ 

ပညာရေးဝန်ထမ်းများအနေဖြင့် စစ်ကျွန်ပညာရေးအား အသက်ဝင်စေရန် အာဏာရှင် လက်အောက်မှ တာဝန်ထမ်းဆောင်ခြင်းအား ချက်ချင်းရပ်ဆိုင်းပြီး လူထုနှင့်ပူးပေါင်း ရန် နှင့် စစ်ကောင်စီ ဆက်လက်သစ္စာခံနေမည်ဆိုပါက ပြင်းထန်စွာအရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ပြည်သူလူထု ဆန္ဒသဘောအား ဆန့်ကျင်၍ မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင် လက်အောက် ပညာရေးအပါအဝင် ပြည်သူ့မူဝါဒများအား အကောင်အထည်ဖော်ခြင်းသည် စစ်အာဏာရှင်အဓွန့်ရှည်ရေးနှင့် စစ်ကျွန်ဖြစ်ရေးအား ဦးတည်နေခြင်းဖြစ်ကြောင်း ဆိုသည်။ 

ဖလမ်းမြို့တွင် ကျောင်းစဖွင့်စအချိန်က ကျောင်းသူ၊ ကျောင်းသား ဦးရေ  ၄၀၀ခန့် တက်ရောက်ခဲ့သော်လည်း ယခုတွင် တက်ရောက်သူတစ်ဖြည်းဖြည်းနည်းပါလာကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။ 

ကျေးရွာအများစုတွင် CNDF ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေများအား ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းထား၍ ပညာရေး ကော်မတီများ ဖွဲ့စည်းကာ ပညာသင်ပေးနေခြင်းများရှိကြောင်း ၎င်းက ဆိုသည်။ 

ပြည်ထောင်စု မြန်မာနိုင်ငံအား လူမျိုးများတန်းတူရည်တူရှိသော ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းချက်ဖြင့်ချင်းအမျိုး သားအဖွဲ့ချုပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် နည်းမျိုးစုံသုံးကာ တော်လှန် ရေးဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required