ပါကစ္စတန်မှ အာဖဂန်နစ္စတန်သို့ ပို့ကုန်တင်ပို့မှု ကျဆင်းသွား

ပါကစ္စတန်မှ အာဖဂန်နစ္စတန်သို့ ပို့ကုန်တင်ပို့မှု ကျဆင်းသွား

အာဖဂန်နစ္စတန်၌ ယမန်နှစ် သြဂုတ်လက တာလီဘန်တို့ ပြန်လည်အာဏာရသွားပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ကုန်သွယ်မှု ပမာဏသည် ၂၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

ပြီးခဲ့သည့် ၆ လအတွင်း ပါကစ္စတန်မှ အာဖဂန်နစ္စတန်သို့ ပို့ကုန်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျော် ထိုးကျထားခဲ့သည်ဟု ပက်ခ်တွန်ခဝါ အကောက်ခွန်အကြီးအကဲ အာမက်ဒ် ရာဇာ ခန်းက တော့ခ်ဟမ်သို့ ရောက်ရှိခဲ့စဉ် သတင်းထောက်များကို ပြောခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မှုကြောင့် အာဖဂန်နစ္စတန်တွင် ကွဲအက်လွယ်သော စီးပွားရေးအခြေအနေတစ်ခု ရှိနေသည့်အတွက် ယခုကဲ့သို့ ပို့ကုန်တင်ပို့မှု ကျဆင်းသွားခြင်းဖြစ်ကြောင်း ရာဇာ ခန်းက ပြောခဲ့သည်ဟု သိရသည်။

အာဖဂန်နစ္စတန်သို့ ပို့ကုန်များ တင်ပို့ခြင်းနှင့်ပတ်သက်ပြီး မူဝါဒသစ်တစ်ခုကို ပါကစ္စတန် ဗဟိုဘဏ်က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ထားခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။ မူဝါဒသစ်အရ အာဖဂန်ကုန်သည်များ အနေဖြင့် ပါကစ္စတန်ကုန်စည်ပစ္စည်းများကို ၎င်းတို့နိုင်ငံသို့ ဝယ်ယူတင်သွင်းရန်အတွက် ပုံစံ (င) (Form-E) ရယူရန်အလို့ငှာ ပါကစ္စတန်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် ၎င်းတို့၏ ပတ်စ်ပို့များနှင့်အတူ အမေရိကန် ဒေါ်လာငွေများကို ပြသရန် လိုအပ်မည်ဖြစ်သည်။

"ပါကစ္စတန် ဗဟိုဘဏ်ရဲ့ မူဝါဒသစ်ကတော့ အာဖဂန်ကုန်သည်တွေ ပါကစ္စတန်ဆီ အမေရိကန်ဒေါ်လာငွေတွေ ယူလာအောင် ဆွဲဆောင်ဖို့နဲ့ အဲဒီလိုကနေတဆင့် ပါကစ္စတန်ရဲ့ အရန်နိုင်ငံခြားသုံးငွေတွေကို တိုးစေပြီး နိုင်ငံစီးပွားရေးကို တိုးတက်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်" ဟု ရာဇာ ခန်းက ပြောခဲ့သည်။

"ဒါပေမယ့် အာဖဂန်ရဲ့ ဘဏ်လုပ်ငန်းစနစ်က ပြိုလဲလုနီးနီး ဖြစ်နေပြီး သူတို့ရဲ့ အရန်နိုင်ငံခြားသုံးငွေတွေဟာလည်း ကုန်ခန်းသလောက် ဖြစ်နေတာကြောင့် ဒီ ကုန်သွယ်မှု မူဝါဒသစ်က နှစ်နိုင်ငံကုန်သွယ်မှု အတွက် လိုအပ်တဲ့ တွန်းအားတစ်ခုကို ပေးနိုင်တာမျိုးတော့ မရှိပါဘူး" ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် တော့ခ်ဟမ် အကောက်ခွန်ရှင်းလင်းရေး အေးဂျင့်များ အဖွဲ့၊ ခိုင်ဘာ ကုန်သည်ကြီးများအသင်း၊ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပို့ကုန်လုပ်ငန်းရှင်များနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးအသင်းတို့က ပါကစ္စတန်ဗဟိုဘဏ်၏ ပို့ကုန်မူဝါဒသစ်ကို ဆန့်ကျင်သည့်အနေဖြင့် အာဖဂန်သို့ ဦးတည်သည့် ကုန်ပစ္စည်းများရှင်းလင်းမှုကို ၃ ရက်ဆက်တိုက် သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly