အာဖဂန်၌ တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ဂျာနယ်လစ် ၈၀ ရာခိုင်နှုန်းခန့် အလုပ်အကိုင် ပြောင်းလဲခဲ့ရ

By Alarabiyapost
24 January 2022
အာဖဂန်၌ တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ဂျာနယ်လစ် ၈၀ ရာခိုင်နှုန်းခန့် အလုပ်အကိုင် ပြောင်းလဲခဲ့ရ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်သွားခဲ့ပြီးနောက် ဂျာနယ်လစ် ၈၀ ရာခိုင်နှုန်းခန့်သည် အခြားသောအလုပ်အကိုင်များကို ပြောင်းလဲလုပ်ကိုင်ထားခဲ့ရကြောင်း သိရသည်။ တာလီဘန်တို့သည် မီဒီယာလုပ်ငန်းနှင့် ဂျာနယ်လစ်များအပေါ် အလွန်တင်းကျပ်ကန့်သတ်လျက် ရှိသည်။ ဂျာနယ်လစ်များနှင့် ပတ်သက်နေသည့် အကြမ်းဖက်မှုသတင်းများကလည်း ကမ္ဘာနှင့်အဝန်း စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ ယင်းနိုင်ငံရှိ မီဒီယာဝန်ထမ်းများအနေဖြင့် လက်ရှိအခြေအနေကြောင့် ၎င်းတို့၏ အလုပ်အကိုင်များကို မဖြစ်မနေ ပြောင်းလဲထားကြရပြီဖြစ်သည်။

အာဖဂန် ဂျာနယ်လစ်များသည် အဆိုးဆုံးသော စီးပွားရေး အခြေအနေကို ကြုံတွေ့နေရပြီး ၎င်းတို့အနက် ၇၉ ရာခိုင်နှုန်းခန့်သည် အလုပ်အကိုင်များ ဆုံးရှုံးထားခဲ့ကြကာ ယခုအခါ ဘဝရပ်တည်ရန်နှင့် ငွေရှာရန်အတွက် အခြားသော အလုပ်အကိုင်များကို မတတ်သာသည့်အဆုံး ပြောင်းလဲလုပ်ကိုင်နေကြရပြီဖြစ်ကြောင်း အာဖဂန်နစ္စတန် ဂျာနယ်လစ်များ ဖောင်ဒေးရှင်းက ပြောသည်။

ယင်းမတိုင်မီ အာဖဂန်နစ္စတန်တွင် မီဒီယာလုပ်ငန်း ၇၅ ရာခိုင်နှုန်းအထိသည်လည်း ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ပိတ်သိမ်းထားခဲ့ရသည်ကို အချက်အလက်များက ပြသနေသည်။

"အရင်အစိုးရ ပြုတ်ကျပြီးကတည်းက အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ နန်ဂါဟာ၊ လက်ဂ်မန်နဲ့ နူရစ္စတန်တို့မှာ ရေဒီယို အသံလွှင့်ဌာန ၆ ခု ပိတ်ထားခဲ့ရတယ်။ အဲဒီထဲက ၅ခုကတော့ ငွေရေးကြေးရေးပိုင်း စိန်ခေါ်မှုတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတာပါ။ နောက်တစ်ခုကတော့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ သူ့ဝန်ထမ်းမရှိတော့လို့ ရပ်နားခဲ့ရတာဖြစ်ပါတယ်" ဟု နိုင်ငံအရှေ့ပိုင်းရှိ အာဖဂန် ဂျာနယ်လစ်များ ဘေးကင်းလုံခြုံရေးကော်မတီ အကြီးအကဲ ယူဆွတ်ဖ် ဇာရီဖီက ပြောသည်။

အာဖဂန် ဂျာနယ်လစ် ၉၁ ရာခိုင်နှုန်းက အလုပ်အကိုင် ရွေးချယ်ထားမှုအပေါ် ကျေနပ်ကြပြီး ၈ ရာခိုင်နှုန်းခန့်ကသာ မပျော်မရွှင် ဖြစ်ကြသည်ဟု ဖောင်ဒေးရှင်း၏ စစ်တမ်းတွေ့ရှိချက်များက ပြသနေသည်။

အာဖဂန်နစ္စတန်နိုင်ငံတဝန်း ဂျာနယ်လစ် ၄၆၂ ဦး (အမျိုးသား ၃၉၀ ဦး ၊ အမျိုးသမီး ၇၂ ဦး) တို့ စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့ကြသည်။

ဂျာနယ်လစ်အချို့က ၎င်းတို့၏ စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ကြပြီး မကြာသေးခင်က မီဒီယာလုပ်ငန်း အများအပြား ပိတ်သိမ်းသွားသည့်အတွက် အလုပ်အကိုင်များ ဆုံးရှုံးထားခဲ့ရသည်ဟု ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly