ဥဇဘက်ကစ္စတန်က အာဖဂန်နစ္စတန်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု လျှော့ချ

ဥဇဘက်ကစ္စတန်က အာဖဂန်နစ္စတန်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု လျှော့ချ

ဥဇဘက်ကစ္စတန်သည် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိဘဲ အာဖဂန်နစ္စတန်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုပိုင်းတွင် ၆၀ ရာခိုင်နှုန်း လျှော့ချထားခဲ့သည်ဟု အာဖဂန်အာဏာပိုင်တို့က ဇန်နဝါရီ ၁၂ ရက်တွင် ပြောခဲ့ကြောင်း Ariana News က ဖော်ပြသည်။

ဥဇဘက်ကစ္စတန်သည် အာဖဂန်နစ္စတန်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု လျှော့ချထားခဲ့ပြီး မာဂျန် ဓာတ်အားပေးစက်ရုံတွင် ပေါ်ပေါက်ခဲ့သည့် နည်းပညာ ပြဿနာတစ်ခုကြောင့် ယင်းကဲ့သို့ လျော့ကျမှုဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု ဥဇဘက်တာဝန်ရှိသူများက ပြောထားကြောင်း အာဖဂန်အစိုးရပိုင် လျှပ်စစ်စွမ်းအင်ကုမ္ပဏီ DABS ၏ ထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကားပြီး Ariana News က ဖော်ပြသည်။

မာဂျန် ဓာတ်အားပေးစက်ရုံတွင် ပေါ်ပေါက်သည့် နည်းပညာပြဿနာတစ်ခုကြောင့် အာဖဂန်နစ္စတန်သို့ တင်ပို့သည့် လျှပ်စစ်ဓာတ်အားပမာဏ လျော့ကျနေခဲ့ခြင်းဖြစ်သည်ဟု ဥဇဘက်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို DABS က ကိုးကားထုတ်ပြန်ထားသည်။

ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ အာဖဂန်နစ္စတန်သို့ လျှပ်စစ်တင်ပို့မှု ၆၀ ရာခိုင်နှုန်း လျှော့ချထားခဲ့ကြောင်း DABS က ပြောသည်။

လျှပ်စစ် တင်သွင်းမှုပိုင်း လျော့ကျခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဓာတ်အားပြတ်တောက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ပြည်နယ် ၁၆ ခုနီးပါးတွင် ထိခိုက်မှုများ ကြုံတွေ့ထားခဲ့သည်။

အာဖဂန်နစ္စတန်သည် ယင်း၏ လျှပ်စစ် လိုအပ်ချက်များအတွက် ဗဟိုအာရှနိုင်ငံများအပေါ် အဓိက မှီခိုနေရသည်။

ယင်းမတိုင်မီ ရက်ပိုင်းအတွင်းက လျှပ်စစ်ဓာတ်အားပေးသွင်းရောင်းချသည့် ကုမ္ပဏီထံ ပေးစရာရှိသည့် ငွေများကို အကျေပေးချေရေးအတွက် နိုင်ငံရေးသမားများ၊ ယခင်အစိုးရ အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို DABS တာဝန်ရှိသူများက တိုက်တွန်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly