ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရပြန်

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရပြန်

ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ထိုင်းနယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်များက တွေ့ရှိဖမ်းဆီးခဲ့သည်ဟု သိရသည်။

အမျိုးသား ၆၆ ဦး ၊ အမျိုးသမီး ၄၁ ဦး တို့ ဖြစ်သည့် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာသူများကို ကန်ချနဘူရီ ပြည်နယ် ဆန်ခလာဘူရီ ခရိုင်အတွင်း နေရာ သုံးနေရာတွင် ထိုင်းတာဝန်ရှိသူများက တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာများက ၎င်းတို့သည် ဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး နှင့် ထားဝယ် မြို့တို့မှ လာကြသူများ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ ဆမွတ် ဆာခွန်း၊ ဆမွတ်ဆုန်ခရန် ၊ ချွန် ဘူရီ နှင့် ဘန်ကောက်တို့တွင် အလုပ်အကိုင်များ ရရှိလုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို တစ်ဦးလျင် ထိုင်းဘတ် ၁၀,၀၀၀ မှ ၂၇,၀၀၀ အထိ ပေးထားခဲ့သည်ဟု ထိုင်းတာဝန်ရှိသူများကို ပြောခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံသား လမ်းပြတစ်ဦးလည်း အဖမ်းခံခဲ့ရသည်။

ယင်းနောက် မြန်မာအလုပ်အကိုင်ရှာသူများကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် ဥပဒေအရ အရေးယူရန် မူအန်းနှင့် ဆန်ခလာ ဘူရီ ရဲတပ်ဖွဲ့တို့ထံ လွှဲအပ်ထားခဲ့ပြီး နေရပ်ပြန်ပို့သွားရန် လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ နိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် ပြည်ပနိုင်ငံသားများကို အကူအညီပေးမှုဖြင့် ထိုင်းလမ်းပြဖြစ်သူကိုလည်း တရားစွဲဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly