ကင်မရွန်းမှာ နိုက်ကလပ် မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံး

ကင်မရွန်းမှာ နိုက်ကလပ် မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံး

ဇန်နဝါရီ ၂၄

ကင်မရွန်းနိုင်ငံ မြို့တော် ယောင်အွန်ဒေးမှာ ရှိတဲ့ နိုက်ကလပ်တစ်ခုမှာ မီးရှူးမီးပန်းကြောင့် မီးလောင်မှု ဖြစ်ခဲ့လို့ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

ယင်းနိုင်ငံမှာ လက်ရှိမှာ အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန် အဆိုပါဖြစ်ရပ်ဆိုး ဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

"စနေနေ့ညက ဒီ မတော်တဆ မီးလောင်မှုဖြစ်စဉ် ဖြစ်ပြီးနောက် လူ ၁၆ ဦးသေဆုံးပြီး ရှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်" လို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပါတယ်။

မြို့တော်မှာ သံရုံးတွေ၊ သံတမန် နေအိမ်တွေ ရှိရာ အရပ်ဖြစ်တဲ့ အဆင့်မြင့် ဘတ်စ်တို့စ် အရပ်ဒေသမှာ ရှိတဲ့ Liv's နိုက်ကလပ်ရဲ့ အဓိကအခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

"ဒီလို နေရာမျိုးတွေမှာ မကြာခဏ အသုံးပြုတတ်တဲ့ မီးရှူးမီးပန်းတွေကနေ ပေါက်ကွဲမှုတွေ ဖြစ်ပြီး မီးလောင်ခဲ့တာပါ၊ မီးဟာ ပထမပိုင်းမှာ အဆောက်အအုံ မျက်နှာကြက်ကို လောင်ကျွမ်းခဲ့ပါတယ်၊ အဲဒီနောက် အင်မတန် ကျယ်လောင်တဲ့ ပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့ပြီး လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြလွှားကြရင်း လူအုပ်လိုက် ပြုံတိုးမိမှုကို ဖြစ်စေခဲ့ပါတယ်" လို့ ဝန်ကြီးဌာနက ပြောပါတယ်။

"ကျွန်တော်တို့ ရောက်သွားချိန်မှာ အဲဒီမှာ ကြောက်အားလန့်အား ပြေးလွှားနေကြတာကို တွေ့ခဲ့ရတယ်၊ မီးလောင်နေပြီး မီးခိုးတွေ ထွက်နေတာကို တွေ့ခဲ့ရတယ်" လို့ အမည်မဖော်လိုသူ မီးသတ်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

"သေဆုံးသူ ၁၆ ယောက်နဲ့ ဒဏ်ရာရသူ ငါးယောက်ကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတယ်လို့လည်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီးနောက် ယောင်အွန်ဒေးရဲ့ အီကိုနူ ရပ်ကွက်မှာ ရှိတဲ့ စစ်ဆေးရုံရဲ့ ရင်ခွဲရုံအပြင်ဘက်မှာ လူ ၁၀၀ ခန့် လာရောက်စုဝေးခဲ့ကြပြီး ၎င်းတို့တွေရဲ့ ဆွေမျိုးတွေနဲ့ပတ်သက်လို့ တစုံတရာ သတင်းသိရဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly