ပြင်သစ်၏ ရှင်ကျန်းဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် တရုတ်ဒေါသထွက်

ပြင်သစ်၏ ရှင်ကျန်းဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် တရုတ်ဒေါသထွက်

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ပြင်သစ်ပါလီမန်က အတည်ပြုလိုက်သည့် ဆုံးဖြတ်ချက်ကို ပြင်သစ်ရှိ တရုတ်သံရုံးက ဇန်နဝါရီ ၂၀ ရက်က ကန့်ကွက်ရာတွင် ယင်းဆုံးဖြတ်ချက်က နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံကို တမင်တကာ အပုပ်ချပြီး ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်၌ ရေးသားထားသည်ဟုနိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြခဲ့သည်။

ရှင်ကျန်းလူမျိုးတုံးသတ်ဖြတ်မှုသည် တရုတ်နိုင်ငံအပေါ် မလိုမုန်းထားမှုနှင့် ရန်လိုမုန်းတီးမှုတို့အပေါ် အခြေခံသည့် လုပ်ကြံဖန်တီးထားသော ကြီးမားသောလိမ်ညာမှု တစ်ခုဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဇန်နဝါရီ ၂၀ ရက် အစောပိုင်းတွင် ပြင်သစ်ပါလီမန်က ဝီဂါမွတ်စလင်များအပေါ် တရုတ်နိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။

ပြင်သစ်နှင့်တရုတ်အစိုးရတို့အကြား ဆက်ဆံရေး ယိုယွင်းလာနိုင်သည့် ဆုံးဖြတ်ချက်တစ်ရပ်သည် ရှင်ကျန်းဒေသရှိ လူနည်းစုတိုင်းရင်းသားများကို ကာကွယ်ရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း အတွင်းနှင့်တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒတွင် လိုအပ်သော စီမံချက်များကိုလုပ်ဆောင်ရန် ပြင်သစ်အစိုးရအား တိုက်တွန်းထားသည်။

ထောက်ခံမဲ ၁၆၉ မဲနှင့် ကန့်ကွက်မဲ ၁ မဲဖြင့် အတည်ပြုခဲ့သော ဆုံးဖြတ်ချက်ကို ပါလီမန်အောက်လွှတ်တော်တွင် အတိုက်အခံ ဆိုရှယ်လစ်များက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အောက်လွှတ်တော်သည်ဝီဂါလူမျိုးများအပေါ် တရုတ်က ကျူးလွန်သည့် အကြမ်းဖက်မှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"တရုတ်ဟာ အင်အားကြီးနိုင်ငံတစ်ခုပါ။ ကျွန်တော်တို့က တရုတ်ပြည်သူတွေကို ချစ်ပါတယ်။ ဒါပေမဲ့ပေါ်ပေါ်ထင်ထင်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ ကျွန်တော်တို့ရဲ့ သူရဲဘောကြောင်မှုနဲ့ လိုချင်တပ်မက်မှုကို မျှော်လင့်နေတဲ့အာဏာရှင်ရဲ့ ဝါဒဖြန့်မှုတွေကိုတော့ မနာခံပါဘူး” ဟု ဆိုရှယ်လစ်ပါတီ အကြီးအကဲ အိုလီဗီယာဖော်ရာက ပြောကြားခဲ့သည်။

အမျိုးသားများနှင့် အမျိုးသမီးများသည် အကျဉ်းထောင်ရှိအခန်းများထဲတွင် ခြေဆင်းလဲလျောင်း၍ပင်မရဘဲ မုဒိမ်းကျင့်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ကြုံတွေ့ရကာ ကိုယ်တွင်းအင်္ဂါများ အတင်းအကျပ် ယူဆောင်ခံရကြောင်း အကျဉ်းစခန်းအခြေအနေများကို အိုလီဗီယာက ဥပဒေပြုအမတ်များအား ပြောပြခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ ဆုံးဖြတ်ချက်များကို ဗြိတိန်၊ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့မှ ပါလီမန်များက ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့ပြီး အမေရိကန်အစိုးရကလည်း ရှင်ကျန်းအရေးကိုလူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly