ပါကစ္စတန် ဆင်းန်ပြည်နယ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်

By Latestly
23 January 2022
ပါကစ္စတန် ဆင်းန်ပြည်နယ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်၌ ဝါရင့် ဆင်းန် အမျိုးသားခေါင်းဆောင် ဂျီ အမ် ဆိုင်ယက်ဒ်၏ ၁၁၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဆင်းန်လူမျိုးများသည် တားမြစ် ကန့်သတ်ချက်အားလုံးကို လက်မခံဘဲ ဆန်း မြို့ရှိ ဆိုင်ယက်ဒ်၏ အုတ်ဂူရှိရာ နေရာအနီးတွင် ဆန္ဒပြပွဲကြီးတစ်ခုကို ဇန်နဝါရီ ၁၇ ရက်က စီစဉ်လုပ်ဆောင်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ဆင်းန် အမျိုးသားရေး ပါတီများက လွတ်လပ်မှုကို လိုလားတောင်းဆိုသည့် ကြွေးကြော်သံများကို ထုတ်ဖော်ခဲ့ကြပြီး ၎င်းတို့၏ အရင်းအမြစ်များ အမြတ်ထုတ် အသုံးချခံရမှုအတွက် ပါကစ္စတန်နှင့် တရုတ် အာဏာပိုင်တို့အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

Jeay Sindh Muttahida Mahaz (JSMM) ၏ တက်ကြွလှုပ်ရှားသူများက ပါကစ္စတန်ထံမှ လွတ်လပ်ခွင့်ရရေးအတွက် ၎င်းတို့၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရေး ကုလသမဂ္ဂကို ပန်ကြားသည့် စာတန်းများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

ထိုစာတန်းများထဲတွင် " ပါကစ္စတန်က အကြမ်းဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ဆိုတာကို ကုလသမဂ္ဂကို ပြောကြားချင်ပါတယ်" ၊ "ဆင်းန်လူမျိုးတွေဟာ သူတို့အတွက် သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဒေသတစ်ခုကို အလိုရှိတယ်" နှင့် "တရုတ် အလိုမရှိ၊ တရုတ်ထွက်သွား" ဆိုပြီး ရေးသားထားခဲ့ကြသည်။ "ဆင်းန်ပြည်နယ်ရဲ့ ပင်လယ်ရေပိုင်နက်ထဲမှာ တရုတ်တွေ ရှိနေတာက ဆင်းန်ပြည်နယ်အပေါ် တရုတ်ရဲ့ ကျူးကျော်မှုလို့ပဲ ဆင်းန်လူမျိုးတွေက ရှုမြင်နေပါတယ်" ဟု JSMM က ထုတ်ဖော်ခဲ့သည်။

"ဒီနေ့မှာတော့ ဆင်းန်လူမျိုးတွေဟာ ဆင်းန်ပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေမှာ တရုတ်တို့ ရှိနေမှုနဲ့ ရေတပ်စခန်းတစ်ခု တည်ဆောက်မှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတစ်ခုကို လုပ်ခဲ့ကြပါတယ်၊ ဆင်းန်ရဲ့ ကမ်းခြေမှာ တရုတ်တို့ ဆောက်လုပ်ရေးစီမံကိန်းတွေ ဖော်ဆောင်တာကို အမြန်ဆုံး တားဆီးပေးဖို့ ကုလနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တိုက်တွန်းထားတယ်" ဟု JSMM ဥက္ကဋ္ဌ ရှာဖီ ဘာဖတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly