အိုင်အက်စ် အသေခံဗုံးခွဲမှုတွင် မလေးရှား ပါဝင်နေခြင်းကြောင့် ဝန်ကြီးချုပ်က ရှုတ်ချ

အိုင်အက်စ် အသေခံဗုံးခွဲမှုတွင် မလေးရှား ပါဝင်နေခြင်းကြောင့် ဝန်ကြီးချုပ်က ရှုတ်ချ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၂ ။              ။ ဆီးရီးယားနှင့် အီရတ်တို့တွင် လူပေါင်း ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့သည့် အသေခံဗုံးခွဲမှုများတွင် မလေးရှားနိုင်ငံသားနှစ်ဦး ပါဝင်နေသည့် သတင်းများ ထွက်ပေါ်လာရာ ယင်းလုပ်ရပ်နှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ဇန်နဝါရီ ၁၁ ရက်တွင် ရှုတ်ချအပြစ်တင်လိုက်သည်။

"သူတို့ရဲ့ လုပ်ရပ်နဲ့ အယူအဆက မလေးရှားမှာလည်းကောင်း၊ အစ္စလာမ်အတွက်လည်းကောင်း နေရာမရှိပါဘူး။ မလေးရှားအစိုးရက အစွန်းရောက်တွေ ဖွဲ့စည်းတာ၊ အသွင်ယူကြတာအားလုံးကို လုံးလုံးတိုက်ခိုက်နေပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာလည်း အပါအဝင်ပါ။"ဟု နာဂျစ်က ၎င်း၏ ဖေ့ဘုတ်တွင် ရေးသားထားသည်။

"ဒီလိုကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးကို လူငယ်တွေ ဘာကြောင့် ဘယ်လို လုပ်ကြသလဲဆိုတာ ရှာဖွေဖော်ထုတ်မှာဖြစ်တယ်။ နောက်ထပ် အခြားသူတွေ ဒီလိုမလုပ်ကြအောင် လိုအပ်တဲ့ တားဆီးမှုတွေကို အလုံးစုံလုပ်ဆောင်သွားမှာပဲဖြစ်တယ်။"ဟု ၎င်းက ရေးသားထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြစ်ပွားသည့် အသေခံဗုံးခွဲမှုများအတွင်း မလေးရှားနှစ်ဦးပါဝင်ခဲ့သည်ဟု ဇန်နဝါရီ ၁၁ ရက် အစောပိုင်းက New Straits Times သတင်းက ဖော်ပြခဲ့သည်။

ဆီးရီးယားရှိ အိုင်အက်စ်တို့၏ အမာခံနယ်မြေ ရက်ကာမြို့အတွင်း ဒီဇင်ဘာ ၂၉ ရက်က အိုင်အက်စ်အား အာရပ်နှင့် ကာ့ဒ်တပ်ဖွဲ့များက တိုက်ခိုက်နေစဉ် မလေးရှားတစ်ဦးက အသေခံဗုံးပေါက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်တပ်သား ၁၆ ဦးနှင့်အတူ ကာ့ဒ်တပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးသည်။

ဇန်နဝါရီ ၃ ရက်က အီရတ်တွင် ရဲသင်တန်းကျောင်းတစ်ခုသို့ လာရောက်တိုက်ခိုက်သည့် အသေခံဗုံးခွဲသမား ခုနစ်ဦးတွင် မလေးရှားနိုင်ငံသားတစ်ဦး ပါဝင်ခဲ့ကြောင်း NST သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly