အာဖဂန်နစ္စတန်၌ လူမျိုးစုပဋိပက္ခများကြောင့် ဒီမိုကရေစီ ချုပ်ငြိမ်းရကြောင်း တာလီဘန်တို့ ပြောကြား

By Latestly
23 January 2022
အာဖဂန်နစ္စတန်၌ လူမျိုးစုပဋိပက္ခများကြောင့် ဒီမိုကရေစီ ချုပ်ငြိမ်းရကြောင်း တာလီဘန်တို့ ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံတွင် ဆိုးမွေဆက်ခံထားရသည့် လူမျိုးစု ပဋိပက္ခများကြောင့် ဒီမိုကရေစီ ချုပ်ငြိမ်းရခြင်း ဖြစ်ကြောင်း တာလီဘန်တို့က ဇန်နဝါရီ ၁၄ ရက်တွင် ပြစ်တင်ပြောဆိုခဲ့ကြောင်း သိရသည်။ နိုင်ငံမြောက်ပိုင်း ဖာယက်ဘ် ပြည်နယ်၌ တာလီဘန်တို့က လူမျိုးစုဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ရှိနေသည် ဆိုသည့် သတင်းများထွက်ပေါ်နေစဉ် အဆိုပါ သုံးသပ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တာလီဘန်တို့၏ အထက်ပါ ပြောဆိုချက် မထွက်ပေါ်မီ တစ်ရက်က ဘော့ခ်ပြည်နယ်တွင် ဒေသခံ ပထန် တာလီဘန်တပ်မှူးတစ်ဦးက ဥဇဘက်လူမျိုးစုဝင်တစ်ဦးကို ဖမ်းဆီးခဲ့ခြင်းကြောင့် ဖာယက်ဘ်ပြည်နယ်တွင် ဆန္ဒပြပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

တာလီဘန်တို့သည် လူမျိုးစုဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း ဆန္ဒပြသူများက စွပ်စွဲခဲ့သည်ဟု The Khaama Press က ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် လူမျိုးစု ပဋိပက္ခများ အရှိန်မြင့် အားကောင်းနေခြင်းက နိုင်ငံတွင် ဒီမိုကရေစီ သေဆုံးခြင်းအတွက် အဓိက အကြောင်းရင်းဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ အီနာမူလာ ဆာမန်ဂါနီက တွစ်တာတွင် ရေးခဲ့သည်။

အာဖဂန်နစ္စတန်တွင် ယခုအခါ ဒီမိုကရေစီသည် သေဆုံးနေပြီဖြစ်ကြောင်း အီနာမူလာ ဆာမန်ဂါနီက ပြောခဲ့သည်ဟု Tolo News က ဖော်ပြသည်။

"အာဖဂန်နစ္စတန်မှာ ဒီမိုကရေစီ သေဆုံးပြီးနောက်မှာ ဒီမိုကရေစီ လိုလားသူတွေဟာ နိုင်ငံမှာ ဖရိုဖရဲ အခြေအနေတွေ ဖြစ်စေအောင် ကြိုးပမ်းနေကြဆဲဖြစ်တယ်" ဟု ဆာမန်ဂါနီ၏ တွစ်တာပို့စ်တွင် ရေးသားကာ လူမျိုးစု ပဋိပက္ခများအတွက် ဒီမိုကရေစီလိုလားသူများအပေါ် ၎င်းက ပြစ်တင်လိုက်သည်။

တာလီဘန်တို့သည် အဓိကအားဖြင့် ပထန် လူမျိုးစုဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် တာလီဘန်ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီးနောက်တွင် လူနည်းစုများနှင့် မျိုးနွယ်စုအုပ်စုများမှာ လူများစုဖြစ်သည့် ပထန် မျိုးနွယ်စုဖြစ်သော တာလီဘန်တို့၏ ခြိမ်းခြောက်မှုကို ခံနေရသည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်ထိန်းချုပ်မှုနှင့် လူမျိုးစုဆိုင်ရာ စစ်ပွဲတစ်ခု ပေါ်ပေါက်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်အလယ်ခန့်ကလည်း အလားတူအခြေအနေတစ်ရပ်ကို တွေ့ကြုံထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly