Mytel တာဝါတိုင် ၃ တိုင်ကို တရက်အတွင်း ဖျက်ဆီး

Mytel တာဝါတိုင် ၃ တိုင်ကို တရက်အတွင်း ဖျက်ဆီး

ဇန်နဝါရီလ ၂၂ ရက်

ဧရာဝတီတိုင်းအတွင်းက မြို့ နယ် ၂ မြို့နယ်တွင် ဇန္နဝါရီလ ၂၀ ရက်နေ့က တစ်ရက်အတွင်း Mytel ဖုန်းတာဝါတိုင် သုံး တိုင် ဖျက်စီးခံခဲ့ရပြီး လူ ၁၄ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရသည်။

ကြံခင်းမြို့နယ်အတွင်းမှ ကျွဲတဲကျေးရွာနှင့် ရေနံတောင်ကျေးရွာတို့ရှိ Mytel ဖုန်းတာဝါတိုင် နှစ် တိုင်၏ အောက် ခြေမှ ဆက်စပ်ပစ္စည်းများ ဇန္နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်း ၅ နာရီအချိန်ခန့်က ဗုံးဖောက်ခွဲ ဖျက်စီးခံရပြီးနောက် လူ ရှစ် ဦးဖမ်းဆီး ခံရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ထို့နေ့ ညနေ ၆ နာရီအချိန်ခန့်က မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာ ရှိ Mytel ဖုန်းတာဝါတိုင် အောက်ခြေရှိ ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ရွာလမ်းတစ်လျှောက် သေနတ်ပစ်ဖောက် ဆဲဆိုကာ ဆိုင်ကယ်စီးလာသည့် လူငယ် ၆ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။

ကြံခင်းမြို့နယ်ရှိ ရခိုင်ရိုးမ တောတောင်အတွင်းတွင် စစ်ကောင်စီက စစ်ကြောင်းများထိုးနေပြီး ဒေသတွင်း လမ်းများ၌ လုံခြုံရေးများ တင်းကြပ်နေချိန်တွင် ယင်းဒေသရှိ Mytel ဖုန်းတာဝါတိုင် နှစ် တိုင် ဖောက်ခွဲဖျက်စီးခံရ ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ကျွဲဒုံးကျေးရွာ မှ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက "တာဝါတိုင် လာဖျက်တာ လူမလစ်တော့ အောက်ခြေက စက် တွေနဲ့ ဝါယာ ကြိုးတွေဖျက်ပြီး ထွက်ပြေးသွားတယ်။ ဖုန်းတစ်လုံးကျန်နေခဲ့တယ်" ဟု ပြောသည်။

Mytel ဖုန်းတာဝါတိုင် သုံး တိုင်ရှိ Mytel ဖုန်း ဆက်သွယ်ရေးစက် နှင့် ဆက်စပ်ပစ္စည်းများ ပျက်ဆီးသွားရာ ကာလ တန်ဘိုး ကျပ်သိန်း ၂၅၀၀ ဆုံးရှုံးနိုင်ကြောင်း Mytel ဖုန်းဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြော သည်။

"ကျွဲတဲရွာက ဖုန်းတိုင်က သုံးမရအောင် ပျက်စီးသွားတယ်လို့ သိရတယ်။ အဲဒီရွာဘက်က မိုင်တဲဖုန်းတွေကို ဆက်သွယ်လို့ မရ ဘူးဖြစ်သွားတယ်" ဟု ကြံခင်းမြို့ခံ ဦးလှဝင်း က ပြောသည်။

ဧရာဝတီတိုင်း အတွင်းရှိ စစ်အာဏာရှင် ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများ၏ သတင်း ထုတ်ပြန်ချက် အရ စက်တင်ဘာလမှ ဇန္နဝါရီလ အတွင်း Mytel ဖုန်းတာဝါတိုင် ၅၃ တိုင်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

ဧရာဝတီတိုင်းအတွင်း မြို့ နယ် ၂၆ မြို့နယ်ရှိပြီး မြို့နယ် တစ်မြို့နယ်လျှင် Mytel ဖုန်း သီးသန့် တာဝါတိုင် ၂၅ တိုင် မှ အတိုင်ရေ ၃၀ အတွင်းရှိသည်ဟု ဧရာဝတီတိုင်း Mytel ဖုန်းဆက်သွယ်ရေး လုပ်ငန်းရုံးထံမှ စုံစမ်း သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly