၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်မှု စံချိန်တင်မြှင့်တက်ခဲ့

၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်မှု စံချိန်တင်မြှင့်တက်ခဲ့

၂၀၆၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးဟူသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကြေညာချက်နှင့် ကာဗွန်ထုတ်လွှတ်မှုကို တားဆီးရေးဟူသော ၎င်း၏အစီအစဉ်များနှင့် ဆန့်ကျင်စွာပင် တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ကျောက်မီးသွေးမက်ထရစ်တန်ချိန် ၄ ဒသမ ၀၇ ဘီလီယံ ထုတ်လုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် ၄ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကို တရုတ်နိုင်ငံ့စာရင်းအင်းဗျူရို၏ ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်သည့် အချက်အလက်များအရသိရကြောင်း CNN က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေရသောကြောင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်အဖြစ် ပြီးခဲ့သည့်နှစ်ကကျောက်မီးသွေးထုတ်လုပ်မှုနှင့် ကျောက်မီးသွေးတင်သွင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်။

လျှပ်စစ်ဓာတ်အားအကျပ်အတည်းကို ဖြေရှင်းနိုင်သော်လည်း ကျောက်မီးသွေးဈေးနှုန်းများ မြင့်တက်နေပြီး ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချမည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကိုလည်း လျစ်လျူရှုထားသည်။ လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကျောက်မီးသွေး ထုတ်လုပ်မှုကို မြှင့်တင်ရန် တရုတ်အစိုးရက ညွှန်ကြားခဲ့သည်။

ဒီဇင်ဘာလတွင် ထုတ်လုပ်မှုသည် အစောပိုင်း တစ်နှစ်ကထက် ၇ ရာခိုင်နှုန်းကျော် တက်ခဲ့ကာ လစဉ်ထုတ်လုပ်မှုမှာလည်း မက်ထရစ်တန်ချိန် ၃၈၅ သန်းအထိ မကြုံစဖူး မြင့်တက်ခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ ၃ လဆက်တိုက် ကျောက်မီးသွေးထုတ်လုပ်မှုမြင့်တက်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ စာရင်းဇယားများအရ ၂၀၂၁ ခုနှစ်တွင် ကျောက်မီးသွေးသုံးစွဲမှုသည် ၂၀၂၀ ခုနှစ်ကထက် ၁၀ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ထို့ပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ တာဝန်ရှိသူ လီယန်ချင်းက တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ၎င်း၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ဆက်လက်အရှိန်မြှင့်နိုင်သည်ဟု ပေကျင်းတွင် ဇန်နဝါရီ ၁၈ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်၏ အာဏာရကွန်မြူနစ်ပါတီက အခြေခံအဆောက်အအုံများကို ဦးစားပေးမည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သော်လည်း အခြေခံအဆောက်အအုံသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ရုပ်ကြွင်းလောင်စာများအပေါ်တွင် အများစုမှီခိုနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly