တရုတ်နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ၂၀၂၁ခုနှစ်တွင် စံချိန်တင်ကျဆင်းသွား

တရုတ်နိုင်ငံ၏ ကလေးမွေးဖွားနှုန်း ၂၀၂၁ခုနှစ်တွင် စံချိန်တင်ကျဆင်းသွား

တရုတ်ကလေးမွေးဖွားနှုန်းသည် ၂၀၂၁ခုနှစ်တွင် စံချိန်တင်ကျဆင်းခဲ့ကြောင်း ဇန်နဝါရီ ၁၇ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်တွင် မွေးကင်းစ ကလေးငယ်အရေအတွက်သည် ၂၀၂၁ခုနှစ်တွင် ၁၀ ဒသမ ၆၂သန်းအထိ ကျဆင်း သွားခဲ့ပြီး သေဆုံးသူအရေအတွက်နှင့် အတူတူနီးပါးဖြစ်ကြောင်း လူဦးရေစာရင်းအင်းပညာရှင်များကို ကိုးကား၍ Global Times သတင်းတွင် ပါရှိသည်။

အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ ဇန်နဝါရီ ၁၇ရက် အချက်အလက်များအရ ၂၀၂၁ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံ၏ လူဦးရေသည် ၁၄ ဒသမ ၁၃ ဘီလီယံရှိပြီး၊ မွေးကင်းစကလေး အရေ အတွက်သည် ၂၀၂၀ပြည့်နှစ်တွင် ၁၂ သန်းရှိရာမှ ၁၀ ဒသမ ၆၂ သန်းအထိ ကျဆင်းသွားရာ ၅ နှစ်ဆက်တိုက် ကျဆင်းခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ကလေးမွေးဖွားနိုင်သည့်အရွယ် အမျိုးသမီးဦးရေ ဆက်တိုက် ကျဆင်းလာခြင်းကြောင့်ဖြစ်သလို ၂၀၂၁ခုနှစ်တွင် ယခင်နှစ်များကထက် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီး ၅ သန်းခန့် လျော့နည်းသွားကြောင်း NBS အကြီးအကဲ နန်ကျီကျဲက ပြောကြားခဲ့သည်။

အခြားအကြောင်းရင်းများတွင် အိမ်ထောင်ပြုမှုနှင့် ကလေးမွေးဖွားခြင်းနှောင့်နှေးခြင်းတို့ပါဝင်ပြီး ဇနီးမောင်နှံများ ၏ ကလေးမွေးခြင်းဆိုင်ရာ အယူအဆနှင့် ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်ကြောင်း နန်ကျီကျဲက ပြောကြားခဲ့သည်။

တရုတ်မီဒီယာများ၏ဖော်ပြချက်အရ ၂၀၂၁ခုနှစ်တွင် သေဆုံးမှုအရေအတွက် ၁၀ ဒသမ ၁၄ သန်းရှိခဲ့သည်။

လူငယ်အများစုက ကလေးယူရန် မတတ်နိုင်ခြင်းနှင့် ငွေကြေးအရ အမှီအခိုကင်းသော အမျိုးသမီးများက တစ်ဦးတည်းနေထိုင်ရန်နှင့် ကလေးမရှိသော ဘဝနေထိုင်မှုပုံစံကို ရွေးချယ်ခဲ့ကြသောကြောင့် ကလေးမွေးဖွားမှုနှုန်းမှာ နှစ်ပေါင်းများစွာ တဖြည်းဖြည်း ကျဆင်းလာခဲ့ရသည်။

မွေးဖွားနှုန်းကျဆင်းမှုနှင့် သက်ကြီးရွယ်အိုဦးရေတိုးလာခြင်းကြောင့် အစိုးရက ဆယ်စုနှစ်များစွာ ကျင့်သုံး ခဲ့ သည့် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒကို ဖြေလျှော့ပေးခြင်းနှင့် ဒုတိယကလေးယူခြင်းအတွက် မက်လုံး ပေးခြင်းများအပါအဝင် ကလေးမွေးဖွားရေးအတွက် အစိုးရက ကျယ်ပြန့်သော မူဝါဒများ ချမှတ်ခဲ့ရသည်ဟု SupChinaက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly