တယ်လီနောကို ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်းပြီး လက်ဘနွန်ကုမ္ပဏီ M1 Group က ဝယ်ယူမည် 

တယ်လီနောကို ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်းပြီး လက်ဘနွန်ကုမ္ပဏီ M1 Group က ဝယ်ယူမည် 

ဇန်နဝါရီလ ၂၁ ရက်

နော်ဝေ တယ်လီနော်ကုမ္ပဏီ၏ အရှေ့တောင်အာရှ မြန်မာနိုင်ငံက လုပ်ငန်း ရောင်းချရေးတွင် စစ်ကောင်စီက ပြည်တွင်းဝယ်လက်ကို ရှာဖွေလာခဲ့ရာ လက်ဘနွန် M1 Group ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီတစ်ရပ်နှင့် မိတ်ဖက်ပြုပြီး တယ်လီနောက်၏ မြန်မာလုပ်ငန်းအား ဝယ်ယူမည်ဖြစ်ကြောင်း ယင်းအရေးကိစ္စနှင့် နီးစပ်သူ သတင်းရင်းမြစ်သုံးရပ်က ရိုက်တာသို့ ပြောသည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမှ အကြီးဆုံးထဲ အပါအဝင်ဖြစ်သည့် တယ်လီနောသည် ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ဝရုန်းသုန်းကားအခြေအနေဆိုက်နေသော မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရေးအတွက် ၎င်း၏ မြန်မာလုပ်ငန်းကို M1 Group ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဇူလိုင်လအတွင်းက ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။ 

တယ်လီကွန်းနှင့် အင်တာနက်ကုမ္ပဏီများကို စစ်ကောင်စီက ထောက်လှမ်းရေးနည်းပညာများ တပ်ဆင်ရန်နှင့် အကြီးတန်းအမှုဆောင်များအား နိုင်ငံတွင်းမှ ထွက်ခွာခွင့် ပိတ်ပင်ခြင်းတို့ကြောင့် တယ်လီနော၏ မြန်မာနိုင်ငံမှ ထွက်ခွာရေးသည် အကျပ်ရိုက်နေခဲ့ခြင်း ဖြစ်သည်။ 

M1 ကုမ္ပဏီထံ လုပ်ငန်းတစ်ခုလုံး ရောင်းချရေးကို စစ်ခေါင်းဆောင်များက တမန်နှစ် နှောင်းပိုင်း၌ ပယ်ချခဲ့သည်။ 

ယင်းအစား M1 Group နှင့် ပြည်တွင်းကုမ္ပဏီ Shwe Byain Phyu Group တို့ကြား မိတ်ဖက်ပြုမှုကို စစ်ကောင်စီက သီးသန့်အတည်ပြုခဲ့သည်ဟု သတင်းရင်းမြစ်သုံးရပ်က ဆိုသည်။ Shwe Byain Phyu ကုမ္ပဏီအနေဖြင့် ရှယ်ယာအများစု ပိုင်ဆိုင်မည်ဖြစ်သည်ဟု သတင်းရင်းမြစ်နှစ်ရပ်က ပြောသည်။ ထိလွယ်ရှလွယ်သော ကိစ္စရပ်ဖြစ်ခြင်းကြောင့် ထိုသတင်းရင်းမြစ်များက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ရန် ငြင်းဆန်သည်။ 

Shwe Byain Phyu ကုမ္ပဏီသည် ကျောက်မျက်တူးဖော်ရေးနှင့် ဓာတ်ဆီဆိုင်လုပ်ငန်းများ လုပ်ကိုင်နေရာ ကုမ္ပဏီအုပ်စုတစ်ရပ်ဖြစ်သည်။ ယင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဝင်းဇော်သည် စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင် ရှယ်ယာပါဝင်ထားသော Maha Yoma Public Company ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ ယခု တယ်လီနောအရောင်းအဝယ်နှင့် ၎င်းနှင့် စစ်တပ်၏ ဆက်စပ်မှုတို့ကို ရိုက်တာက မေးမြန်းခြင်းအား တုံ့ပြန်ခြင်း မရှိပေ။ 

အောက်တိုဘာလအတွင်း ရိုက်တာက မြင်တွေ့ခွင့်ရခဲ့သည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရုံးမှ အမိန့်ညွှန်ကြားချက်တွင် M1 Group သို့ တယ်လီနောအား ရောင်းချခြင်းအား ပယ်ချရန် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ညွှန်ကြားထားသည်ကို တွေ့ရှိရသည်။ M1 Group ကုမ္ပဏီမှာ လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီ မိသားစုပိုင် ကုမ္ပဏီလုပ်ငန်းစုပဲ ဖြစ်သည်။ 

ထိုသို့ ညွှန်ကြားရသည့် အကြောင်းရင်းကို ဖော်ပြမထားသော်လည်း ယင်းအရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက စစ်ကောင်စီသည် ပြည်တွင်းဝယ်လက်ကို ပို၍ လိုလားခြင်းကြောင့်ဟု ဆိုကြသည်။ 

ဘိုင်ရွတ်တွင် အခြေစိုက်သော M1 Group ၏ ကိုယ်စားလှယ်များကလည်း ရိုက်တာ၏ ဖုန်းဆက်ပြီး ထင်မြင်ချက်တောင်းသည်ကို ချက်ခြင်း ဖြေဆိုခြင်း မရှိပေ။ စစ်ကောင်စီ ကိုယ်စားလှယ်ကလည်း ထင်မြင်ချက်ပေးရန်ကို တုံ့ပြန်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly