"အုပ်ချုပ်ရေး ယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့ လုပ်ရမယ်"

"အုပ်ချုပ်ရေး ယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့ လုပ်ရမယ်"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ခဲ့သောကြောင့် မကြာမီအစိုးရဖွဲ့ရတော့မည်ဖြစ်သည်။ ဒီဇင်ဘာလလယ်မှ အစပြုပြီးအစိုးရ၏ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ၊ NLD ၏ အသွင်ကူးပြောင်းရေး အဖွဲ့တို့ မကြာခဏ တွေ့ဆုံပြီး ညှိနှိုင်းလျက် ရှိသည်။

မကြာသေးမီက Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့်ရန်ကုန်မြို့ NLD ရုံးချုပ် တွင် တွေ့ဆုံစဉ် NLD ၏ ဗဟိုကော်မတီဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်သည့် ဦးဉာဏ်ဝင်းက အာဏာလွှဲပြောင်းရေး၊ အစိုးရအဖွဲ့သစ်၏မူဝါဒ၊ ပြုပြင်ပြောင်းလဲရေး၊ တရားစီရင်ရေး စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။ ပြောဆိုချက်များထဲမှ တချို့ကိုကောက်နုတ် ဖော်ပြ လိုက်ပါသည်။

အခုလက်ရှိ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေ အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးနေတာ ဘယ်အ ခြေအနေအထိ ခရီးရောက်နေပြီလဲဆိုတာ ပြောပြပါခင်ဗျ။

အဲဒီဆွေးနွေးတဲ့ အဖွဲ့မှာ ကျွန်တော်တော့မပါဘူး။ သို့သော် ကျွန်တော်သိရသလောက်တော့ အားလုံး အဆင်ပြေပါတယ်။ သဘောထားအားလုံး တူတယ်လို့ ကျွန်တော်ပြောတာ မဟုတ်ဘူး။ လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ခက်ခဲနေတဲ့၊ အဟန့်အ တားဖြစ်နေတာတွေတော့ မရှိပါဘူး။ အဆင်ပြေတယ်လို့ သာမန်အားဖြင့် ပြောလို့ရပါတယ်။ အသေးစိတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ဆီက အဖွဲ့လည်းရှိတယ်။ ဟိုဘက်မှာလည်း အဖွဲ့ရှိတယ်။ ဒီနှစ်ဖွဲ့ မကြာခဏ တွေ့ပြီးတော့ ညှိနေကြတယ်။

လာမယ့် အစိုးရအဖွဲ့အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တချို့လူတွေ၊ လက်ရှိ အစိုးရအဖွဲ့ထဲက တချို့ကို တာဝန်ပေးဖို့ အစီအစဉ်ရှိလား။

ကျွန်တော်တို့ ဘယ်သူ့ကိုသုံးမယ်၊ ဘယ်သူ့ကို မသုံးဘူးဆိုတာ မပြောနိုင်ပါဘူး။ တစ်ခုတော့ ရှိတယ်၊ ကျွန်တော်တို့ စဉ်းစားတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံသားတွေကို အကာ အကွယ်ပေးဖို့ ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးတွေ အဲဒါတွေက ဦးစားပေးလုပ်မှာပါ။

လက်ရှိ အစိုးရအဖွဲ့မှာ သတင်းထုတ်ပြန်မှုအပိုင်း အားနည်းနေတယ်။ NLD အစိုးရအဖွဲ့မှာ သတင်း မြန်မြန်ဆန်ဆန် စီးဆင်းဖို့ ဘယ်လို ပြင်ဆင်ထားလဲ။

သတင်းဌာနတွေအနေနဲ့ကတော့ ပြန်ကြားရေးကပဲသတင်းထုတ်ပြန်ရေးကိုကိုင်ရဦးမှာပဲ။ ဒါ သူ့အလုပ်လည်း ဖြစ်ပါတယ်။ ပြီးတော့ သတင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကိုယ်တိုင် သတင်းတွေ ဟာ အရေးကြီးတဲ့ဟာကိုQuote (ကိုးကားချက်) မလုပ်ဘဲနဲ့ ထည့်တယ်၊ ဆိုတော့ စွပ်စွဲလို့လည်းမရ ဘူး။ Quote လုပ်ထားတယ်ဆိုရင် ကျွန်တော်တို့ ရှင်းကြလို့ရတယ်။ အဲဒါမျိုးတွေ တော်တော်များများ ဖြစ်နေပါတယ်။ ကျွန်တော်ကအပြစ်တင်တာမဟုတ်ပါဘူး။ အဲဒါတွေမဖြစ်အောင်ကျွန်တော်တို့ အစိုးရ ဖွဲ့တဲ့အခါ လုပ်မယ်၊ စီစဉ်ဆောင်ရွက်မယ်လို့ စိတ်ကူးထားပါတယ်။

ဒါဆို ပြန်ကြားရေးဝန်ကြီးဌာနက ဆက်ရှိနေဦးမှာပေါ့။

လောလောဆယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဆက်ရှိနေဦးမှာပါ။ နိုင်ငံတကာမှာလို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြန်ကြားရေးဌာနတွေ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့တွေ ထားဖို့ဆို တာ နောင်တော့ မပြောတတ်ဘူး၊ လောလောဆယ်တော့ မရှိသေးဘူး။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ တိုင်းပြည်အပေါ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်လို့ ယူဆလဲ။

အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က မေးထားပါတယ်၊ သူတို့က မဖြေသေးပါဘူး။ စီမံကိန်းကြီး တွေ ဘာရှိလဲ၊ ဘယ်လိုပုံစံနဲ့ ဒီစီမံကိန်းကိုအကောင်အထည်ဖော်တာလဲ၊ ဘယ်လောက် ဖော်ပြီးပြီလဲ၊ ဘယ်လောက်ကျန်သေးလဲ။ ဒါတွေကိုနောင်တက် လာမယ့် NLD အစိုးရသိဖို့လိုတယ်။ ဒါသိမှ အလုပ် လုပ်လို့ရမှာ။ အဲဒီမေးခွန်းရဲ့ အဖြေကအဲဒီထဲမှာပါမှာ။ ကျွန်တော်တို့ အခုချိန်ထိအဲဒီရဲ့ စာရင်းမရသေ းပါဘူး။ နှစ်ဖက်ညှိနှိုင်းတဲ့အထဲကထွက်လာတာမရှိသေးပါဘူး။ အဓိကအဲဒါပဲ။ စီမံကိန်းတွေ ဘယ် တုန်းကလုပ်တာလဲ၊ ရည်ရွယ်ချက်ကဘာလဲ၊ ဘယ်လောက်သုံးပြီးပြီလဲ၊ ဘယ်ငွေနဲ့ သုံးတာလဲ၊ ဘယ်လောက် ကျန်သေးလဲ။ ဒါမှ ရှေ့ဆက်ပြီးတော့ ဒါကိုအကောင်အထည်ဖော်မလဲ၊ မနိုင်လို့ နောက်ထက်အများကြီး လိုသေးတယ်ဆိုရင်လည်းခ ဏရပ်ပေါ့ဗျာ။ ငွေရှာပေါ့။ သူ့ဘာသာသူ ဆက် သွားနိုင်ရင်လည်း ဆက်သွားပေါ့။ ဒါတွေကိုပထမသိဖို့လိုတယ်။ NLD ကိုယ်တိုင်ကိုအဲဒါတွေ မသိသေး ပါဘူး။

NLD အနေနဲ့ မဟုတ်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂလိကအမြင်က ရောဘယ်လိုလဲ။

ကျွန်တော့်ရဲ့ တသီးပုဂ္ဂလအမြင်အရ ပြောရင်လည်း အဲဒီလို မြင်နိုင်ဖို့ဆိုတာ အရေးကြီးတာက အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ကိုင်တွယ်တဲ့သူတွေက ပွင့်ပွင့်လင်း လင်း မပြောဘူး၊ မထုတ်ပြန်ဘူးဆိုရင် သုံးသပ်ရတာလဲ အမှန်မရနိုင်ဘူး။ အမှန်မရလို့ ကောင်းစွာမ ဝေဖန်နိုင်ရင် ဘယ်ဟာမှ မချောပါဘူး။ ဝေဖန်မှုဆိုတာ အိုးဖုတ်သလိုပါပဲ၊ ရိုက်ချက်များမှပဲ ချောမှာပါ။

NLD အစိုးရအနေနဲ့ တပ်မတော်အပေါ်မှာ ဘယ်လို သဘောထားမလဲ။

တပ်မတော်ဆိုတာ တိုင်းပြည်မှာ မရှိမဖြစ် အရေးကြီးတဲ့ ဌာနကြီးတစ်ခုပါ။ စစ်သားအရေအ တွက်၊ တပ်ရင်းအရေအတွက်က အရေးမကြီးဘူး။ အရှေ့တောင်အာရှမှာဆိုရင်လည်း အင်အားကြီး နိုင်ငံကြီးတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့က အရေအတွက်နဲ့၊ ခိုင်းကောင်းတဲ့ဟာ ရှိနေရုံနဲ့ မဖြစ်ဘူး။ ခေတ်မီ တပ်မတော်ဖြစ်ဖို့ကို ဦးတည်ဖို့လိုတယ်လို့ ထင်ပါတယ်။

အရပ်သားစစ်စစ် သမ္မတဖြစ်လာရင် တပ်အပေါ် သြဇာလွှမ်းမိုးမှု အားနည်းနေလိမ့်လို့ တချို့က ယူဆကြတယ်။

အဲဒါက သမ္မတဖြစ်လာမယ့်သူရယ်၊ သူတို့ရဲ့ အဖွဲ့အစည်းတွေရဲ့ အခြေအနေပေါ်မှာ မူတည် တယ်။ ကမ္ဘာ့နိုင်ငံတွေကို လှည့်ကြည့််လိုက်ရင် အရပ်သားအစိုးရတွေက တိုင်းပြည်ကို အုပ်ချုပ်တယ်။ တပ်မတော်ဆိုတာ အဲဒီထဲကမှ Institution (အဖွဲ့အစည်း) တစ်ခု။ ဒီမှာလည်းအဲဒီလို ဖြစ်သင့်တယ်။

အုပ်ချုပ်ရေးယန္တရားတွေထဲက ဘယ်အချက်တွေကို အဓိက ဦးစားပေး ပြုပြင်မလဲ။

ကျွန်တော့်အမြင်အရတော့ ဗျူရိုကရေစီယန္တရား တည်ဆောက်မှရမှာပဲ။ မြန်မာနိုင်ငံမှာ ဒီလို ဟာ ရှိခဲ့တယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်ကစပြီးတော့ ၂ဝ၁ဝခုနှစ်အထိသူတို့(စစ်အာဏာရှင်တွေ) က ဖျက်ဆီးလိုက်တယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုပြင်ဖို့ ကြိုးစားတယ်။ အမြဲတမ်းအတွင်းဝန်ဆို တာကို ခန့်တယ်။ အဲဒီဟာက ဘယ်အစိုးရတက်တက်၊ ဘယ်နိုင်ငံရေးသမား လာလာ အုပ်ချုပ်ရေးက သူ့ဘာသာသူရှိနေမှာ။ အုပ်ချုပ်ရေးအရာရှိကသူ့အလုပ် သူလုပ်သွားမှာ၊ ဒီပုံစံနဲ့ သွားရမှာ။ အခုအစိုးရ ကြိုးစားတာလည်း တပိုင်းတစ်စပေါ့။ ကျွန်တော်တို့က ဒီလိုအုပ်ချုပ်ရေး ယန္တရားကြီး ခိုင်ခိုင်မာမာရှိဖို့ လုပ်ရမယ်။

နည်းနည်း အသေးစိတ် ပြောပြပေးပါ။

နိုင်ငံရေးခေါင်းဆောင်က သူလိုချင်တဲ့ဟာကို အောက်ကိုချပေး၊ အောက်ကပုံဖော်။ အောက်က ပုံဖော်တာကိုတော့ သွားပြီး ဆရာမလုပ်နဲ့၊ သူက အဲဒီလောက် မတတ်ဘူး၊ သူက Policy Guide Line (မူဝါဒဆိုင်ရာညွှန်ကြားချက်) ပဲပေးရမှာ။ အသေးစိတ်ကို သွားဝင်ပါလိုက်တာနဲ့ ပျက်တာပဲ။ ကျွန်တော် တို့ ကြီးပြင်းလာတဲ့ဘဝမှာ တပ်တွေက ဌာနဆိုင်ရာတွေကို ဝင်တယ်၊ သူတို့ အကုန်တတ်တယ်လို့ ပြောတာပဲ၊ အဲဒီလိုပြောပြီး လုပ်ခဲ့လို့ ပျက်နေခဲ့တာ။ ကျွန်တော်တို့က သူ့လိုင်းနဲ့သူသွားမှာ၊ ဆင်အ လုပ်ဆင်လုပ်၊ မြင်းအလုပ် မြင်းလုပ်ပဲ။

ချစားမှုကိစ္စတွေကရော ဘယ်လိုလဲ။

ဒါက ဥပဒေစိုးမိုးရေး ကိစ္စတွေပဲ။ တရားဥပဒေစိုးမိုးရေးကို လူတွေကလည်း နားလည်ရမယ်။ စနစ်ချည်းပဲလည်း မဟုတ်ဘူး။ ဥပဒေမှာပေးထားတဲ့ဟာကို မလုပ်တာ၊ နောက်တစ်ခုက ဥပဒေမှာ ပေးထားတဲ့ဟာကို ပိုလုပ်တာ၊ ဒီနှစ်ခု ရှိနေသမျှ တိုင်းပြည်မတိုးတက်ဘူး၊ အုပ်ချုပ်ရေးယန္တရားလည်း မခိုင်မာဘူး။ လုပ်ပိုင်ခွင့်ဆိုတာက ဥပဒေကလာရမှာ၊ ပါးစပ်က လာရမှာ မဟုတ်ဘူး။

လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်က ယိုင်နဲ့နေတယ်လို့ အများကလည်း ဝေဖန်ထားကြတော့ အဲဒီဟာကို ဘယ်လိုပြုပြင်ဖို့လိုမယ်လို့  ဥပဒေ သမားတစ်ယောက်ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ယူဆသလဲ။

စနစ်ဟောင်းတွေ ပြန်ဖော်ထုတ်ရမယ်။ ကျွန်တော်တို့ မီလိုက်တဲ့ခေတ်မှာ တရားရေး အရာရှိ တစ်ယောက်ဟာ ရာထူးတက်ဖို့ဆိုတာ သူစစ်ဆေးခဲ့တဲ့ အနည်းဆုံးအမှုတွဲ ၃ တွဲလောက် အထက်အ ဆင့်ဆင့် တင်ပြရတယ်။ အထက်ကလူကိုမကြည့်ဘူး၊ဖိုင်ကိုပဲကြည့်တာ။ ဘယ်လောက် စနစ်တကျ စီရင်ခဲ့လဲ၊အဲဒါမလုပ်ရင် ဘယ်တော့မှရာထူးမတိုးဘူး။ အဲဒီလိုလုပ်မှ တရားရုံးအမှုတွဲတွေကို တရား သူကြီးတွေက ခိုင်ခိုင်လုံလုံလုပ်မှာ။ လာဘ်စားဦးတော့၊ ရက်ရက်စက်စက် မစားရဘူး။ သူတစ်သက် လုံး ရာထူးမတက်ဘဲ နေချင်သလား၊ လူတိုင်းက ရာထူးတက်ချင်တာပေါ့၊ အဲဒီတော့ ကောင်းကောင်း လုပ်၊ ရှိနေတဲ့ ဥပဒေကိုလည်း ပေးထားတဲ့အတိုင်းပဲ လုပ်ပေါ့၊ ပိုမလုပ်ရဘူး။ ဒီနှစ်ခုနဲ့သာ လုပ်သွား မယ်ဆိုရင် လာဘ်ပေးလာဘ်ယူက လျော့သွားမယ်။

NLD ဘက်က ဥပဒေကိစ္စနဲ့ ပတ်သက်ပြီး တရားရေးသမား ၄ဝ လောက် လျာထားတာ ရှိတယ် လို့ အသံတွေ ထွက်နေတယ်။

သတင်းထဲမှာ အဲဒီလိုပါလာတာကိုလည်း တစ်ယောက်က ပြောတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါမသိဘူး။ တရားရေးက အစိုးရအဖွဲ့နဲ့ မဆိုင်ဘူး။ အစိုးရအဖွဲ့ သက်တမ်းကုန်တာ၊ လွှတ်တော်သက် တမ်းကုန်တာ တရားရေးနဲ့ ဘာမှမဆိုင်ဘူး။ တရားရေးက သက်သက်။ ဒီဘက်မှာရှိနေတာက ရှေ့နေ ချုပ်ပဲရှိတာ၊ ရှေ့နေချုပ်ကအစိုးရပြုတ်ရင် သူပြုတ်တယ်။ လူစားထိုးလည်းရတယ်။ အခု ၄ဝ တို့၊ ၆ဝ တို့ ဘာ့ကြောင့် အဲဒီလိုပြောနေကြလဲ ကျွန်တော်မသိဘူး။

NLD မှာ သမ္မတရာထူးအတွက် လျာထားတာရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောကြောင်း ဂျပန် သတင်းဌာနတစ်ခုက ရေးခဲ့ဖူးတယ်။ ဘယ်သူတွေကို လျာထားတာလဲ။

အဲဒီဟာက သတင်းမှားပါ။ ရေးပုံရေးနည်းမှားတာပါ။ ကျွန်တော်ပြောခဲ့တာက သမ္မတ ဖြစ်ထိုက်တဲ့သူ ၁ဝ ဦးမက ရှိတယ်လို့။ အဲဒါကိုသူတို့က ၁ဝ ဦးရှိတယ်လို့ ရေးလိုက်တာ။ အဲဒီဟာက ကျွန်တော်တို့ပါတီထဲမှာရှိတာကိုပြောတာ။ ပါတီထဲမှာဝါရင့် တယ်၊ ပညာလည်းရှိတယ်၊ လုပ်သက် လည်းရင့်တယ်၊ နိုင်ငံရေးဝါလည်းရင့်တယ်၊ သစ္စာလည်းရှိတယ်။ အဲဒီလိုလူမျိုးတွေ ပါတီထဲမှာ အများ ကြီးပါလို့ ကျွန်တော် ဖြေခဲ့တာ။

ပြည်ပရောက်နေတဲ့ သူတွေအတွက်ရော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာမျိုး ကြေညာ မယ့် အစီအစဉ် ရှိလား။

ကျွန်တော်တော့ အဲဒါလက်ခံတယ်၊ဒါက နိုင်ငံရေးအရ။ ဥပဒေအရတော့ အဲဒါမမှန်ပြန်ဘူး။ နိုင်ငံခြားသား ပတ်စ်ပို့ကိုင်လိုက်တာနဲ့ နိုင်ငံသားအဖြစ်က ဥပဒေအရ အလိုလို ရပ်ဆိုင်းသွားတယ်၊ အဲဒါကို ဘယ်လိုပြန်လုပ်မလဲဆိုတာ ဥပဒေမှာ မပါဘူး။ ပါတာတစ်ခုက နိုင်ငံတော်သမ္မတက ဘယ်ဟာမဆို သူကယ်တင်နိုင်တယ်၊ ဒါနဲ့ပဲလုပ်ရမှာ။ အခုလုပ်နေခဲ့တာလည်း ဒါနဲ့ပဲလုပ်ခဲ့တာ။ တချို့ နိုင်ငံသားပြန်ရတယ်၊ တချို့မရဘူး၊ မရတဲ့သူတွေမှာ ကျွန်တော့်မိတ်ဆွေ တချို့လည်း ပါပါတယ်။ လိုအပ်ရင် ဥပဒေကို ပြင်သင့်တယ်လို့ ထင်တယ်။  နိုင်ငံသားပြန်ပေးတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတွေကို ဖြေလျှော့ဖို့တော့ အစီအစဉ် ရှိလာမယ်လို့ ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly