လုံခြုံရေး အာမခံချက်မပေးနိုင်သရွေ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်း မအောင်မြင်နိုင်

လုံခြုံရေး အာမခံချက်မပေးနိုင်သရွေ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်း မအောင်မြင်နိုင်

ပါကစ္စတန်နိုင်ငံတွင် အကြီးစား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှု တိုးတက်စေရန်အလို့ငှာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အောက်တွင် မျှော်မှန်းထားသည့် ရည်မှန်းချက်များက ထိုအကြီးစားစီမံကိန်း၏ လုံခြုံမှုအပေါ် လုံးဝ မူတည်နေကြောင်း ပါကစ္စတန် ပါလီမန်ကော်မတီတစ်ခုက ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့သည်ဟု ပြည်တွင်း Dawn မီဒီယာက ဖော်ပြသည်။

" CPEC စီမံကိန်းရဲ့ လုံခြုံရေးပိုင်း အသေအချာ ခိုင်မာစိတ်ချရစေဖို့က အင်မတန် အရေးကြီးပါတယ်။ စီမံကိန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကြန့်ကြာနေတဲ့ အရာတွေကို ရှင်းထုတ်ပစ်ဖို့နဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး လိုချင်တဲ့ ရလဒ်တွေ အသေအချာရရှိစေဖို့အတွက် သက်ဆိုင်သူအားလုံးက လုပ်ဆောင်ဖို့ လိုပါတယ်" ဟု ကော်မတီဥက္ကဋ္ဌ ရှား အလီ အာဘတ်က ပြောကြားကြောင်း Dawn က ကိုးကားဖော်ပြသည်။

တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြံ ဆိုင်ရာ ပါလီမန် ကော်မတီထံသို့ ဝန်ကြီးချုပ်၏ စီပီအီးစီအရေးဆိုင်ရာ အထူးလက်ထောက်ဖြစ်သည့် ခါလစ် မန်ဆော နှင့် အခြား အကြီးတန်းအရာရှိများကလည်း ရှင်းလင်းတင်ပြမှုများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် CPEC စီမံကိန်းများအတွက် လုံခြုံရေးဆိုင်ရာ စီစဉ်ထားမှုများနှင့် စပ်လျဉ်းပြီး စစ်ဘက်နှင့် အရပ်ဘက် အရာရှိများကလည်း ကော်မတီထံ တင်ပြရှင်းလင်းခဲ့ကြသည်။

ပါကစ္စတန်အနေဖြင့် လက်ရှိအချိန်မှစပြီး ပထဝီ-စီးပွားရေး မူဝါဒလမ်းကြောင်းအတိုင်း လိုက်ရမည် ဖြစ်သည့်အတွက် စီးပွားရေး တည်ငြိမ်မှုက အရေးပါကြောင်း အာဘတ်က အလေးပေးပြောခဲ့သည်။ ထို့ပြင် ယနေ့အချိန်တွင် ပါကစ္စတန်သည် CPEC အောက်တွင် အောင်မြင်ကြီးထွားရန် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများကို လိုအပ်နေကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် စစ်ဆေး‌ရေးဂိတ်များ၊ အထူးသဖြင့် ဘာလိုချီစတန်ရှိ စစ်ဆေးရေးဂိတ်များရှိ လုံခြုံရေးအမှုထမ်းများအတွက် စံသတ်မှတ်ချက်များ (SOPs) များကို ပြန်လည် သုံးသပ်သွားရနိုင်ကြောင်း ကော်မတီက လေ့လာတွေ့ရှိခဲ့သည်ဟု သိရသည်။ CPEC စီမံကိန်းများအနီး ပေါ်ပေါက်သည့် တိုက်ခိုက်မှုများအတွင်း ယမန်နှစ်က တရုတ်နိုင်ငံသားများ သေဆုံးမှု ရှိခဲ့သလို တရုတ်က ယင်း၏ အမျက်ဒေါသများကို ထုတ်ဖော်ခဲ့ပြီးနောက် ယခုကဲ့သို့ ပါကစ္စတန် ပါလီမန်ကော်မတီ၏ ထုတ်ဖော်ချက် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required