ချင်းပြည်နယ်အတွင်း ခရိုင် ၂ ခု တိုးချဲ့ဖွဲ့စည်းမည်ဟု သတင်းထွက်ပေါ်

ချင်းပြည်နယ်အတွင်း ခရိုင် ၂ ခု တိုးချဲ့ဖွဲ့စည်းမည်ဟု သတင်းထွက်ပေါ်

ဇန်နဝါရီ ၂၀

ချင်းပြည်နယ်အတွင်း လူဦးရေ အများဆုံးဖြစ်သည့် ပလက်ဝမြို့နယ်နှင့် တီးတိန်မြို့နယ် နှစ်ခုကို ခရိုင်အဆင့် တိုးချဲ့ သတ်မှတ် ဖွဲ့စည်းလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည် ဆိုသည့် အထွေထွေ ရွေးကောက်ပွဲ၌ PR စနစ်ကို ကျင့်သုံးရန်အတွက် ဥပဒေများ၊ နည်းဥပဒေများ ဆောင်ရွက်လျက် ရှိကြောင်း စစ်ကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ခရိုင်သစ်များ တိုးချဲ့ ဖွဲ့စည်းသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

''ဘယ်လိုကြောင့်ဖြစ်ဖြစ် ခရိုင်တိုးချဲ့ ဖွဲ့စည်းတယ် ဆိုတာကတော့ ချင်းမှာက နဂိုထဲက မတူပီ၊ ပလက်ဝနဲ့ တီးတိန်တို့က အပြိုင်လျှောက်တဲ့အခါမှာ မတူပီက ခရိုင်ရသွားပြီး အခု ခရိုင်ရုံး အဆောက်အအုံတွေတောင် မပြီးသေးဘူး ဖြစ်နေတယ်။ တီးတိန်နဲ့ ပလက်ဝလည်း ခရိုင်ရမယ်ဆိုရင် ကောင်းတယ်၊ ဒါဆို တောင်ပိုင်း သုံးခရိုင်၊ မြောက်ပိုင်း သုံးခရိုင် ဖြစ်သွားမှာပေါ့။ ပလက်ဝမြို့ကတော့ ခရိုင်ရရှိဖို့ အတွက် အရင်အစိုးရ လက်ထက်ထဲက အမှုတွဲတွေ တည်ဆောက်ပြီးတော့ ပို့တောင်ထားပြီးပြီလို့လည်း သိထားရတယ်'' ဟု အငြိမ်းစား ခရိုင်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ထွက်ပေါ်နေသော သတင်းများအရ စစ်ကောင်စီက ခရိုင်တိုးချဲ့ ဖွဲ့စည်းမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ပြီး ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပရန် ကြိုတင်ပြင်ဆင်မှုအဖြစ် သုံးသပ်မှုများလည်း ရှိနေသည်။

“ခရိုင်တစ်ခု သတ်မှတ်မယ်ဆိုရင် အချက် နှစ်ချက်ကို အခြေခံတယ်။ လူဦးရေတွေနဲ့တော့ သိပ်မဆိုင်ဘူးဗျ။ နံပါတ်တစ် အနည်းဆုံး မြို့နယ်နှစ်ခု အထက်ရှိရမယ်။ တစ်မြို့နယ်ထဲကိုတော့ ခရိုင်ပေးလို့ မရဘူး။ နောက်တစ်ခုက အထူးခရိုင်ဆိုပြီး ပေးလို့ရတယ်။ ဒါကတော့ အရင်က မူထဲမှာတော့ မပါဘူး၊ ဒါပေမယ့် နဝတ အစိုးရ တက်ပြီးတဲ့ နောက်ပိုင်းမှာ လုပ်ငန်း လိုအပ်ချက်အရ ဆိုပြီးတော့ တိုးချဲ့လိုက်တဲ့ အထူးခရိုင်တွေ ဆိုတာ ရှိတယ်။ ပလက်ဝမြို့နယ် လိုမျိုးကြတော့ တစ်မြို့နယ်ထဲ ရှိပေမယ့် နယ်စပ် ဖြစ်တဲ့အတွက်ကြောင့် အထူးခရိုင်ဆိုပြီး ပေးလို့ရတယ်။ ဥပမာ တမူးမြို့နယ်၊ တမူးခရိုင် ဆိုတာရှိတယ်။ ပုဂံညောင်ဦး ဆိုရင် တစ်မြို့နယ် တစ်ခရိုင်ဘဲလေ'' ဟု အငြိမ်းစား ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခင်က တစ်နိုင်ငံလုံး အတိုင်းအတာ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ခရိုင် ၇၄ ခု ရှိသော်လည်း လက်ရှိ ထွက်ပေါ်နေသည့် သတင်းများအရ နောက်ထပ် ၄၂ ခရိုင်အထိ ထပ်မံသတ်မှတ် ထားသဖြင့် ၁၁၆ ခရိုင်အထိ ရှိလာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly