ကချင်စစ်ပြေးဒုက္ခသည်များ ဆန်အရေးပေါ်လိုအပ်နေ

ကချင်စစ်ပြေးဒုက္ခသည်များ ဆန်အရေးပေါ်လိုအပ်နေ

ချင်းမိုင်၊ ဇန်နဝါရီ ၁၁ ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ ကချင်စစ်ပြေးဒုက္ခသည် ၇၀၀၀ အတွက် ရက်သတ္တပတ် ၂ ပတ်စာ ဆန် အရေးပေါ်လိုအပ်နေသည်ဟု KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေးကော်မတီ၏ တာဝန်ခံက ပြောသည်။

KIO ဌာချုပ် လိုင်ဇာအနီးရှိ ဝိုင်ကြိုင် ဒုက္ခသည်စခန်းနှင့် ဖုန်လွမ်ယန် ဒုက္ခသည်စခန်း နှစ်ခုမှ စစ်ပြေး ဒုက္ခသည်များ အတွက် ဆန် ၅၅ တန် အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်။

“အခု HPA တွေ ဆန်ပေးနေတဲ့ လိုင်ဇာ ဝိုင်ကြိုင်နဲ့ ဖွန်လွမ်ယန် စခန်းမှာရှိတဲ့ လူတွေအတွက် ဇန်နဝါရီလအတွက် ဆန်ပြတ်သွားတယ်။ ၇၀၀၀ ခန့်အတွက် လိုအပ်တယ်။ ပုံမှန်ကူညီနေတဲ့အဖွဲ့က agreement လိုသေးတယ်၊ ပိုက်ဆံတော့ ရပြီ။ ဒါပေမဲ့ ဆန်ရောင်းတဲ့ ကုန်သည်တွေနဲ့ သဘောတူညီမှု ယူရအုန်းမယ်။” ဟု KIO စစ်ပြေးဒုက္ခသည်များ အကူအညီ ပေးရေးကော်မတီ၏ တာဝန်ခံဗိုလ်မှူးကြီး ဟိန်းဝေါမ်က မဇ္ဈိမကို ပြောသည်။

လက်ရှိ ဆန်ထောက်ပံ့ပေးနေသော HPA အဖွဲ့က လာမည့် ဖေဖော်ဝါရီလမှ ဇူလှိုင်လအထိ ၆ လစာ ဆန်ကူညီ ထောက်ပံ့ ပေးသွားမည် ဖြစ်သော်လည်း ယခု ဇန်နဝါရီလကုန်သည်အထိ ဆန် ပြတ်လတ်နေသည်ဟု သူက ပြောသည်။

ဒုက္ခသည် တစ်ဦးအတွက် တစ်ရက်လျှင် နို့ဆီဗူး ၂ ဗူးခွဲစာ ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွား လာသဖြင့် စစ်ပြေးဒုက္ခသည်ပေါင်း ၁၂,၀၀၀၀ ကျော်ထိ ရှိနေပြီ ဖြစ်သည်။ KIO ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ပြေး ဒုက္ခသည် ၈၀၀၀၀ ကျော် ရှိနေခြင်းဖြစ်သည်။

လက်ရှိ KIO သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ဇန်နဝါရီလ ၁၂ ရက်တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် အစိုးရတို့ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့လည်း KIO မတက်ရောက်ပေ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ (UNFC) အဖွဲ့ဝင်များလည်း တက်ရောက်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags